နေပြည်တော် ဧပြီ ၂၃
ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းက RBE အထူးရထားဖြင့် နေပြည်တော် ဘူတာမှ တောင်ငူဘူတာလမ်းပိုင်းတစ်လျောက်ရှိ ရထားများအမြန်နှုန်းမြှင့်တင်နိုင်ရေးအတွက် ရထား လမ်းများ၊ တံတားများ အဆင်မြှင့်တင်ဆောင်ရွက်နေမှုနှင့် ငလျင်ဒဏ်ကြောင့် ထိခိုက်ထားသည့် ဘူတာများ ပြန်လည်မွမ်းမံတည်ဆောက်ရန် လိုအပ်မှုကို ကြည့်ရှုစစ်ဆေးခဲ့သည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နေပြည်တော်ဘူတာမှတစ်ဆင့် ရွာတော်ဘူတာ၊ ပျဉ်းမနားဘူတာ၊ ပြည်ဝင်ဘူတာ၊ ဧလာဘူတာ၊ သာဝတ္ထိဘူတာ၊ ရေနီဘူတာ၊ မြို့လှဘူတာ၊ သာဂရဘူတာ၊ ဆွာဘူတာ၊ ကုန်းကြီးဘူတာ၊ ရေတာရှည်ဘူတာ၊ ကျွန်းကုန်းဘူတာ၊ ကျေးတော ဘူတာတို့ကို ကြည့်ရှု စစ်ဆေးပြီး ပြိုကျ ပျက်စီးသွားသောဘူတာများ ဖြိုချရှင်းလင်းရေး၊ အကြီးစားပြင်ဆင်ရန်၊ အလတ် စားနှင့် အငယ်စားပြင်ဆင်ရန် လိုအပ်သည့်ဘူတာများကို အမြန်ဆုံး ပြန်လည်ပြင်ဆင်နိုင်ရေး၊ ဖျက်သိမ်းသင့်သော ဘူတာများဖြစ်နေပါက စနစ်တကျစိစစ်ပြီး တင်ပြဖျက်သိမ်းနိုင်မည့် လုပ်ငန်းစဉ်များဆောင်ရွက်ရန်၊ အသစ်တည်ဆောက်ရမည့် ဘူတာများကို ဘူတာအငယ်၊ ဘူတာအလတ်၊ ဘူတာအကြီး သတ်မှတ်ချက်အတိုင်း ဘူတာအဆောက်အဦ ပုံစံဒီဇိုင်းများနှင့် Estimation များ တွက်ချက်၍ အမြန်ပြန်လည်တင်ပြပြီး ခွင့်ပြုချက်ရယူ ဆောင်ရွက် သွားရန်တို့ကို အသေးစိတ်မှာကြားခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တောင်ငူဘူတာတွင် ဘူတာနှစ်ထပ် အဆောက်အဦ၏ အပေါ်ထပ်ရှိ ငလျင်ဒဏ်ထိခိုက်ခံရသည့် ရထားထိန်းချုပ်ရေးရုံးနှင့် မြန်မာနိုင်ငံ ရထားရဲတပ်ဖွဲ့ရုံးတို့ကို ကြည့်ရှုစစ်ဆေးပြီး ငလျင်ဒဏ်ကြောင့် ပျက်စီးနေသည့် မလိုအပ်သည့် အဆောက်အဦ အစိတ်အပိုင်းအချို့အား ရှင်းလင်းထားရန်နှင့် လိုအပ်သည့်အတိုင်းအတာအလျောက် ပြင်ဆင်ပေးနိုင်ရန်အတွက် ခန့်မှန်းကုန်ကျ စရိတ်ကို တွက်ချက်တင်ပြသွားရန်တို့ကို မှာကြားခဲ့သည်။
ပြည်ထောင်စုဝန်ကြီးသည် ခရီးစဉ်အတွင်း ပြည်ဝင်ဘူတာ၊ ရေနီဘူတာ၊ မြို့လှဘူတာ၊ ကုန်းကြီးဘူတာ၊ ကျေးတောဘူတာနှင့် တောင်ငူဘူတာတို့ရှိ ပို့ဆောင်ရေးဝန်ထမ်းမိသားစုများနှင့် လည်းကောင်း၊ ရထား လမ်းပိုင်းအတွင်း မိုင်နှုန်းမြှင့်တင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်နေကြသည့် မြို့ပြအင်ဂျင်နီယာ ဝန်ထမ်းများနှင့် လည်းကောင်း တွေ့ဆုံအားပေးခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)