ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ ဘယ်လာရုစ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဆာဂေး အယ်လယဲနိခ် နှင့်တွေဆုံဆွေးနွေး

နေပြည်တော် စက်တင်ဘာ ၁၇

ဘယ်လာရုစ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဆာဂေး အယ်လယဲနိခ်၏ ဖိတ်ကြားချက်အရ ဘယ်လာရုစ်သမ္မတနိုင်ငံသို့ အလုပ်သဘောခရီးစဉ် သွားရောက်ခဲ့သည့် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ဘယ်လာရုစ်သမ္မတနိုင်ငံ၊ မင့်စ်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ စက်တင်ဘာ ၁၄ ရက်ညပိုင်းတွင် ရောက်ရှိခဲ့ရာ လေဆိပ်၌ မြန်မာကိုယ်စားလှယ်အဖွဲ့အား မင့်စ်မြို့၊ မြန်မာကောင်စစ်ဝန်ချုပ် ဦးမိုးကျော်သူ၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ ဝန်ထမ်းများနှင့် ဘယ်လာရုစ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။ 

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးသည် စက်တင်ဘာ ၁၅ ရက် နံနက်ပိုင်းတွင် ဘယ်လာရုစ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဆာဂေး အယ်လယဲနိခ် အား ဘယ်လာရုစ်နိုင်ငံခြားရေးဝန်ကြီးဌာန၌ သီးသန့်တွေ့ဆုံ၍ နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်သွားရေးနှင့် နိုင်ငံတကာမျက်နှာစာတွင် အပြန်အလှန် ယုံကြည်မှု၊ နားလည်မှုနှင့် တန်းတူရည်တူရှိမှုတို့ကို အခြေခံကာ ပိုမိုနီးကပ်စွာ  ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများကို ရင်းနှီးပွင့်လင်းစွာအမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

ယင်းနောက် မြန်မာ-ဘယ်လာရုစ် နှစ်နိုင်ငံဆွေးနွေးပွဲကို ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး နှင့် ဘယ်လာရုစ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဆာဂေး အယ်လယဲနိခ်တို့က ပူးတွဲဦးဆောင်ကျင်းပခဲ့ကြရာ ဘယ်လာရုစ်ဒုတိယနိုင်ငံခြားရေး ဝန်ကြီး မစ္စတာ ရော်ဂန်နီး ရှက်စသာကော့ဗ်၊ ဘယ်လာရုစ်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးလွင်ဦးနှင့် မြန်မာ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ဘယ်လာရုစ်နိုင်ငံခြားရေးဝန်ကြီးဌာနတို့မှ အဆင့်မြင့် အရာရှိကြီးများ တက်ရောက်ခဲ့ကြသည်။

ဆွေးနွေးပွဲ၌ နှစ်နိုင်ငံအကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာစေရေးနှင့် ဆောင်ရွက်ဆဲ အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားနိုင်ရေး၊ နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနများအကြား ဆွေးနွေးပွဲများ ကျင်းပသွားရေး၊  စီးပွားရေးနှင့် ကုန်သွယ်ရေး၊ ကာကွယ်ရေး၊ စိုက်ပျိုးရေး၊ ပညာရေး၊ သိပ္ပံနှင့် နည်းပညာ၊ ယဉ်ကျေးမှုနှင့် ပြည်သူအချင်းချင်း အပြန်အလှန် ထိတွေ့ဆက်ဆံမှု အစရှိသည့် ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးချဲ့မြှင့်တင်သွားရေး ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။ နှစ်နိုင်ငံနှင့် နိုင်ငံတကာမျက်နှာစာ အထူးသဖြင့် ကုလသမဂ္ဂမျက်နှာစာတွင် ဘယ်လာရုစ်နိုင်ငံက မှန်ကန်သည့် ရပ်တည်ချက်ကို အခြေခံကာ နားလည်မှုနှင့် ခိုင်မာစွာ ထောက်ခံမှုများအတွက် မြန်မာနိုင်ငံအနေဖြင့် လှိုက်လှဲစွာ ကျေးဇူးတင်ရှိကြောင်းနှင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ မင့်စ်မြို့ ဖွင့်လှစ်နိုင်ရေးအတွက် ကူညီပံ့ပိုးပေးခဲ့မှုများအပေါ် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။ 

ထို့နောက် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဘယ်လာရုစ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဆာဂေး အယ်လယဲနိခ်က တည်ခင်းဧည့်ခံသည့် နေ့လယ်စာစားပွဲသို့ တက်ရောက်ခဲ့သည်။

မွန်းလွဲပိုင်းတွင် မြန်မာကိုယ်စားလှယ်အဖွဲ့သည် မင့်စ်မြို့ရှိ Falco-Agro နို့စားနွား မွေးမြူရေးခြံသို့ သွားရောက်ခဲ့ရာ တာဝန်ရှိသူများက နို့စားနွားမွေးမြူမှုနှင့် နို့ထွက်ပစ္စည်းများ ထုတ်လုပ်မှုအခြေအနေတို့ကို လိုက်လံရှင်းလင်းပြသခဲ့သည်။ ဆက်လက်၍ မဟာမျိုးချစ်စစ်ပွဲ သမိုင်းပြတိုက်သို့ သွားရောက်လေ့လာလည်ပတ်ခဲ့ကြသည်။ 

ညနေပိုင်းတွင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးသည် ဘယ်လာရုစ် ဒုတိယ နိုင်ငံခြားရေးဝန်ကြီး မစ္စတာရော်ဂန်နီးရှက်စသာကော့ဗ် နှင့်အတူ မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ မင့်စ်မြို့ ဖွင့်လှစ်ခြင်း အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်ခဲ့ကြပြီး ဘယ်လာရုစ် နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ သံတမန်အသိုက်အဝန်းနှင့် မင့်စ်မြို့ရှိ မြန်မာပညာသင်များလည်း တက်ရောက်ခဲ့ကြသည်။

စက်တင်ဘာ ၁၆ ရက်တွင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် ကိုယ်စားလှယ်အဖွဲ့အား နိုဗိုစီဗစ်မြို့တွင် နိုဗိုစီဗစ်ဒေသအစိုးရအဖွဲ့ ဒုတိယအုပ်ချုပ်ရေးမှူး(၁) မစ္စတာ ယူရီ ပက်တူကော့ဗ်နှင့်အဖွဲ့က နိုဗိုစီဗစ်မြို့ရှိ အထင်ကရ နေရာများ၊ မြန်မာကောင် စစ်ဝန်ချုပ်ရုံး၊ နိုဗိုစီဗစ်မြို့ ဖွင့်လှစ်ရန် လျာထားသော အဆောက်အဦနှင့် နေရာတို့ကို လိုက်လံပြသခဲ့ပြီး၊ ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံသည်။ 

မြန်မာကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာ ၁၇ ရက် နံနက်ပိုင်းတွင် နိုဗိုစီဗစ်မြို့မှ မန္တလေးမြို့သို့ မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်း(MAI)ဖြင့်ပြန်လည် ရောက်ရှိခဲ့ရာ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ကြိုဆိုခဲ့ကြကောင်းသိရသည်။

သတင်းစဉ်