ဒုတိယဝန်ကြီးဦးဇော်ဝင်း ကျောင်းပြင်ပ မူလတန်းပညာရေး သင်ရိုးလေ့လာသုံးသပ်မွမ်းမံပြင်ဆင်ခြင်းလုပ်ငန်း အလုပ်ရုံဆွေးနွေးပွဲတက်ရောက်

နေပြည်တော် ဒီဇင်ဘာ ၁၉    

ပညာရေးဝန်ကြီးဌာန၊ ကျောင်းပြင်ပနှင့် တစ်သက်တာ ပညာရေးဦးစီးဌာန၏  ကျောင်း ပြင်ပမူလတန်း ပညာရေး သင်ရိုးလေ့လာသုံးသပ်မွမ်းမံပြင်ဆင်ခြင်းလုပ်ငန်း အလုပ်ရုံဆွေး နွေးပွဲကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်၊ ရုံးအမှတ် ၅၂၊ ကျောင်းပြင်ပနှင့် တစ်သက်တာ ပညာရေးဦးစီးဌာနရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။   

အလုပ်ရုံဆွေးနွေးပွဲတွင် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဇော်ဝင်း က ပညာရေး အစီအစဉ်တစ်ခု ထိရောက်အောင်မြင် မှုတွင် သင်ရိုးညွှန်းတမ်းသည် အရေးပါသော အခန်း ကဏ္ဍမှ ပါဝင်နေပါကြောင်း၊  ပညာရေးဝန်ကြီးဌာန၊ ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေး ဦးစီးဌာန က အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ကျောင်းပြင်ပမူလတန်း ပညာရေး အစီအစဉ်၏ သင်ရိုးညွှန်းတမ်းများကို အခြေခံပညာမူလတန်းပညာရေး သင်ရိုးသစ် (KG+ Grade-5)   သင်ရိုးများနှင့် ကိုက်ညီ မှုရှိစေရန်လိုအပ်ပါကြောင်း၊ ၂၀၂၃ -၂၀၂၄ ပညာ သင်နှစ်မှ စတင်၍  စနစ်သစ်မူလတန်း အဆင့် တန်းညှိအစီအစဉ်များ ဆောင်ရွက်နိုင်ရေးအတွက် စနစ်သစ် အခြေခံမူလတန်း ပညာရေး သင်ရိုးများနှင့်အညီ ကျောင်းပြင်ပ မူလတန်း ပညာရေး သင်ရိုးညွှန်းတမ်းများကိုလည်း ပြုပြင်ပြောင်းလဲရန် လိုအပ်လာပါကြောင်း၊ ထိုလိုအပ်ချက်များကြောင့်  သင်ရိုးကျွမ်း ကျင်ပညာရှင်များနှင့် နည်းပညာကျွမ်းကျင် ပညာရှင်များကို ဖိတ်ကြားပြီး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ကျင်းပဆောင်ရွက်ရခြင်း ဖြစ်ပါကြောင်း။

ယနေ့အလုပ်ရုံဆွေးနွေးပွဲတွင် ကျောင်းပြင်ပမူလတန်းပညာရေးသင်ရိုးညွှန်းတမ်းကို အခြေခံမူလတန်း ပညာရေးသင်ရိုးသစ်များနှင့်ကိုက်ညီမှုရှိစေရေး၊ စနစ်သစ်မူလတန်းအဆင့် တန်းညှိအစီအစဉ်များ ဆောင်ရွက်နိုင်မည့် သင်ရိုးကောင်း ပေါ်ထွက်လာရေးတို့အတွက် တက်တက်ကြွကြွ ထဲထဲဝင်ဝင် ဝိုင်းဝန်းဆွေးနွေးပေးကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။  

ထို့နောက် အလုပ်ရုံဆွေးနွေးပွဲကို အစီအ စဉ်အတိုင်း ဆက်လက်ကျင်းပသည်။ 

ယနေ့ ကျင်းပသည့် အလုပ်ရုံဆွေးနွေးပွဲသို့ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အခြေခံပညာ ဦးစီးဌာနမှ ဆရာကြီး၊ ဆရာမကြီးများ၊ မြန်မာနိုင်ငံစာတတ်မြောက်ရေး အထောက်အကူပြု ပင်မဌာ နမှ ဆရာကြီး၊ ဆရာမကြီးများ  ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာနမှ ဆရာ၊ ဆရာ မများနှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်