ဒုတိယဝန်ကြီးဦးထိန်လင်း မန္တလေးတိုင်ဒေသကြီးအတွင်းရှိ အားကစားကွင်း၊ အားကစားရုံများသို့ သွားရောက်ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ဇွန် ၁၆

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက အားကစားနှင့် ကာယပညာသိပ္ပံ (မန္တလေး) မှ သင်တန်းသား၊ သင်တန်းသူများနှင့် တွေ့ဆုံ၍ နိုင်ငံ့လက်ရွေးစင်အဆင့်ထိ ရောက်ရှိအောင် မိမိဝါသနာပါသည့် အားကစားကို ဇွဲ၊ လုံ့လ၊ ဝိရိယ အပြည့်ဖြင့်ကြိုးစားသွားရန် တိုက်တွန်းမှာကြားပြီး စဉ့်ကိုင်မြို့နယ် အားကစားကွင်း၊ ကျောက်ဆည်ခရိုင် အားကစားကွင်းနှင့် အားကစားရုံများကို လိုက်လံကြည့်ရှုစစ်ဆေးကာ ဝန်ထမ်းများ၏ တင်ပြချက်များနှင့် လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် မြစ်သားမြို့နယ်ရှိ ကူမဲမြို့အားကစားကွင်း၊ ဝမ်းတွင်းမြို့ အားကစားကွင်း၊ အားကစားရုံနှင့် မိတ္ထီလာခရိုင် အားကစားကွင်းနှင့် အားကစားရုံတို့ကို လိုက်လံကြည့်ရှုစစ်ဆေးပြီး ပြည်သူများ ကိုယ်လက်လှုပ်ရှားလေ့ကျင့်မှုများ လာရောက်လေ့ကျင့်ကစားနိုင်စေရေး ပုံမှန်ထိန်းသိမ်း ဆောင်ရွက်သွားမှုများကို ဆက်တိုက်လုပ်ဆောင်သွားရန် မှာကြားသည်။

ဇွန် ၁၄ ရက်ကလည်း ဒုတိယဝန်ကြီးသည် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် အားကစား နှင့် ကာယပညာဦးစီးဌာနမှ ဝန်ထမ်းများနှင့် တွေ့ဆုံအမှာစကားပြောကြားပြီး ခြောက်ထပ်ဈေးဆောက်လုပ်မည့် ပစ္စည်းများ ထားသိုသိမ်းဆည်းရန်နေရာနှင့် ချမ်းအေးသာဇံမြို့နယ် ဗထူးအားကစားကွင်းရှိ အားကစားရုံနှင့် အားကစားကွင်းတို့ကို လိုက်လံကြည့်ရှုစစ်ဆေး၍ တာဝန်ရှိသူများကို လိုအပ်သည်များ မှာကြားသည်။

ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ဇွန် ၁၃ ရက် နံနက်ပိုင်းကလည်း မန္တလေးတောင်ခြေရှိ ရွှေမန်း တောင် အားကစားကွင်းနှင့် အောင်မြေသာစံမြို့နယ်ရှိ အောင်မြေမန္တလာ အားကစားကွင်းများသို့ သွားရောက်ကြည့်ရှု စစ်ဆေးပြီး အဆောက်အဦများ ရေရှည်တည်တံ့စေရေးအတွက် တာဝန်ရှိသူများကို လိုအပ်သည်များ မှာကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် အားကစားနှင့် ကာယပညာသိပ္ပံ (မန္တလေး) ကြက်တောင် အားကစားခန်းမ၌ အရာထမ်း၊ အမှုထမ်းများနှင့်တွေဆုံ၍ ဝန်ထမ်းများ၏ လိုအပ်ချက်နှင့် အခက်အခဲများကို ဖြည့်ဆည်းဆောင်ရွက်ပေးပြီး မန္တလာသီရိအားကစားကွင်းရှိ အားကစားကွင်း၊ အားကစားရုံများ၊ ဂေါက်လေ့ကျင့်ရေးကွင်းနှင့် အမျိုးသမီးဘောလုံး အကယ်ဒမီဖွင့်လှစ်နိုင်ရေးအတွက် ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့်အတူ အဆောက်အဦ ဆောက်လုပ်မည့် မြေနေရာကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

သတင်းစဉ်