ဒုတိယဝန်ကြီးဦးဝင်းဖေ Mini Lab  သင်တန်းဖွင့်ပွဲအခမ်းအနား တက်ရောက်၊  Mini Lab ဓါတ်ခွဲခန်းများကို ကြည့်ရှုစစ်ဆေး

နေပြည်တော် ဧပြီ ၂၇

 

ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးဦးဝင်းဖေသည် ယနေ့ နံနက်ပိုင်းတွင် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန၊ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဌာနခွဲမှ ဖွင့်လှစ်သည့် Mini Lab သင်တန်းဖွင့်ပွဲကို တက်ရောက်သည်။

 

သင်တန်းဖွင့်ပွဲတွင် ဒုတိယဝန်ကြီးက ယခု Minin Lab သင်တန်းသို့ သင်တန်းတက်ရောက်လာသည့် ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ သင်တန်းသား သင်တန်းသူများအနေဖြင့် လမ်း၊ တံတား တည်ဆောက်ရေးလုပ်ငန်းများတွင် အသုံးပြုသည့် တည်ဆောက်ရေးလုပ်ငန်းသုံး ပစ္စည်းများ၏ အရည်အသွေး ပြည့်မီ မှု ရှိ / မရှိ၊ Concrete Strength များ ပြည့်မီမှု ရှိ/မရှိ တို့ကို ခွဲခြားစိစစ်နိုင်ခြင်း သည် အရေးကြီးလုပ်ငန်းဖြစ်ကြောင်း၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန အနေဖြင့် နှစ်စဉ်ရန်ပုံငွေ လျာထား၍ ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင်လည်း Mini Lab များ ဖြန့်ခွဲထားရှိနိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း၊ (Research and Development Center) သုတေသနနှင့် ဖွံ့ဖြိုး တိုးတက်ရေးစင်တာ (နေပြည်တော်)ကို ယခုစတင် ဖွင့်လှစ်ချိန်တွင် မြေနမူနာများစမ်သပ်ရန် Soil Lab တွင် မြေစမ်းစက် (၈) စက် ဝယ်ယူထားရှိပြီးဖြစ်ကြောင်း၊ တည်ဆောက်ပြီး  တံတားများ၏ အရည် အသွေးကို Non Destructive Test စစ်ဆေးခြင်း၊ Bore Pile များ၏ အရည်အသွေးဆိုင်ရာ   SIT-Test စစ်ဆေးခြင်း၊ ကွန်ကရစ်အရည်အသွေး စမ်းသပ်စစ်ဆေးခြင်း စသည့် လုပ်ငန်းသုံးပစ္စည်းများအား နိုင်ငံတော်မှ ဘဏ္ဏာနှစ်အလိုက် ဝယ်ယူခွင့်ပြုပြီးဖြစ်သဖြင့် သင်တန်းသားများအနေဖြင့် စိတ်ပါ ဝင်စားစွာ လေ့လာသင်ယူကြရန် လိုအပ်မှာဖြစ်ကြောင်း၊ Lab စမ်းသပ်ခြင်း၏ အကျိုးကျေးဇူးအနေဖြင့် လုပ်ငန်းများတွင် အရည်အသွေးပြည့်မီသော လုပ်ငန်းသုံးပစ္စည်းများ အသုံးပြုနိုင်ခြင်း၊ ကုန်ကျစရိတ် သက်သာပြီး ခိုင်ခံ့သောလမ်း၊ တံတား Design များရေးဆွဲနိုင်ခြင်းနှင့် ဒေသထွက် တည်ဆောက်ရေး လုပ်ငန်းသုံးပစ္စည်း အမျိုးမျိုးဖြင့် Mix Design တွက်ချက်၍ ခံနိုင်ဝန်ပြည့်မီသော လမ်း ၊ တံတားများ တည်ဆောက်နိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။  

 

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်ရှိ (Research and Development Center) သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးစင်တာ (နေပြည်တော်)သို့ ရောက်ရှိပြီး  နိုင်ငံတော်၏ ပကတိလိုအပ်ချက်နှင့် ကိုက်ညီပြီး ကုန်ကျစရိတ်သက်သာ၍ အရည်အသွေးမြင့်မားသော လမ်း၊ တံတားများကို ကျေးလက်ဒေသအတွက် တည်ဆောက်နိုင်ရေး ရည်မှန်းချက်ထား ဆောင်ရွက် ရန်လိုကြောင်း၊ ပြောင်းလဲတိုးတက်လာသည့် ခေတ်၊ စနစ်နှင့်အညီ နည်းပညာများကို စဉ်ဆက်မပြတ် သုတေသနပြု ဖော်ထုတ်၍ သုတေသနရလဒ်များအား တည်ဆောက်ရေး လုပ်ငန်းများတွင် လက်တွေ့ အသုံးချနိုင်ရေး အလေးထား ဆောင်ရွက်ရန်မှာကြားပြီး ဓါတ်ခွဲစမ်းသပ်ခန်းများအလိုက် သင်ကြား ပြသနေမှုများ၊ ဓါတ်ခွဲခန်းသုံးပစ္စည်းများ စမ်းသပ်အသုံးပြုပုံများကို လိုက်လံကြည့်ရှုသည်။

(သတင်းစဉ်)