e-Government Conference & ICT Exhibition 2017 ကျင်းပ

နေပြည်တော် ၇  နိုဝင်ဘာ 

 

e-Government Conference & ICT Exhibition 2017 ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည် ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန ၂ ၌ ကျင်းပခဲ့ခြင်း ဖြစ်ပြီး ညီလာခံနှင့် ပြပွဲကို ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၊ မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ် ဥက္ကဋ္ဌ ဦးခွန်ဦး၊ ပြည်သူ့လွှတ်တော် ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေး ကော်မတီဥက္ကဋ္ဌ ဦးတင်မောင်ဝင်း၊ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးခင်မောင်ထွန်းနှင့်Huawei ကုမ္ပဏီမှ CEO ဖြစ်သူ မစ္စတာ လျန်းလီမန်းတို့က ဖွင့်လှစ်ပေးခဲ့သည်။ 


ဖွင့်ပွဲအခမ်းနားတွင် ပြည်ထောင်စု ဝန်ကြီးက e-Government သည် တိုင်းပြည် ဖွံ့ဖြိုးတိုးတက်မှုကို တိုင်းတာသည့် ဖွံ့ဖြိုးမှု ညွှန်းကိန်းတစ်ခုဖြစ်ပါကြောင်း၊ ထို့ကြောင့် e-Government လုပ်ငန်းများကို ဦးဆောင် ဆောင်ရွက်နေသူများသည် စနစ်ကျသည့် စီမံခန့်ခွဲမှု လိုအပ်ပြီး လက်ရှိဆောင်ရွက်နေသည့် လုပ်ငန်းပုံစံတချို့ကို ပြန်လည်သုံးသပ်ပြီး ပိုမိုကောင်းမွန်၊ ပိုမိုမြန်ဆန်သည့် ပုံစံမျိုး ပြောင်းလဲရန် နည်းပညာထက် အရေးကြီးပါကြောင်း၊ နည်းပညာများ ကောင်းမွန်ပြီး ဆောင်ရွက်နေပုံများ မပြောင်းလဲလျှင် တိုးတက်မှုရရှိရန် ခက်ခဲပါကြောင်း။


မြန်မာနိုင်ငံ၏ e-Government စနစ်ကို ၂ဝဝ၄ ခုနှစ်က စတင်ဆောင်ရွက်ခဲ့ပြီး ယခုဆိုလျှင် ၁၃ နှစ်ကျော်ကြာ ရှိခဲ့ပြီ ဖြစ်ပါကြောင်း၊ အဆိုပါကာလ အတွင်း အစိုးရဌာနများတွင် ဝက်ဘ်ဆိုက်များ ရှိလာခဲ့သော်လည်း လုပ်ငန်းအစမှ အဆုံးအထိ အွန်လိုင်းအသုံးပြုပြီး လုပ်ဆောင် ပေးနိုင်သည့် ဌာန လုပ်ငန်းများမှာ နည်းပါးသေးကြောင်း၊ e-Government အကောင်အထည် ဖော်ရခြင်းမှာ ကောင်းမွန်သည့် အုပ်ချုပ်မှုနှင့် ပြည်သူ အခြေပြု အစိုးရဝန်ဆောင်မှုများ ဖြစ်ပေါ်စေရန်ဖြစ်ပါကြောင်း၊ သို့မှသာ ပြည်သူ နှင့် အစိုးရအကြား နားလည်မှု၊ ပိုမို ပူးပေါင်းဆောင်ရွက်မှုများ ဖြစ်ပေါ်လာ နိုင်မည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။


အလားတူ မြန်မာနိုင်ငံကွန်ပျူတာ အသင်းချုပ် ဥက္ကဋ္ဌ ဦးခွန်ဦးကလည်း မြန်မာနိုင်ငံ၏ သတင်း အချက်အလက် နည်းပညာ စီးပွားရေးကဏ္ဍ (ICT In - dustry) သည် အခြားနိုင်ငံများနှင့် နှိုင်းယှဉ်ပါက အစပျိုး အဆင့်သာရှိနေ သေးပါကြောင်း၊ မြန်မာနိုင်ငံသည် အခြား နိုင်ငံများနည်းတူ သတင်းအချက်အလက် နည်းပညာစီးပွားရေး ကဏ္ဍသည် နိုင်ငံ၏ အဓိက ဝင်ငွေရှာဖွေပေးနိုင်သည့် စီးပွားရေးကဏ္ဍတစ်ခု ဖြစ်လာစေရန် ရည်မှန်းချက်ထား ကြိုးပမ်းသွားရမည် ဖြစ်ကြောင်း ဖွင့်ပွဲအခမ်းအနားတွင် ပြောကြားခဲ့သည်။


ထို့ပြင် e-Government အကောင်အထည်ဖော်ရာတွင် ငွေကြေး အရင်းအနှီးများစွာ လိုအပ်ပြီး အစိုးရ၏ အင်အားတစ်ခုတည်းဖြင့် ဆောင်ရွက်ရန် ခက်ခဲပါကြောင်း၊ အချို့သော e-Government လုပ်ငန်းများ အကောင် အထည်ဖော်ရာတွင် အစိုးရဌာနများ သာမက e-Government စနစ်များ အောင်မြင်ရန် (ICT In- dustry) နှင့် Private Sector များမှလည်း ကူညီမှုအားဖြင့် ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ အစိုးရဘဏ္ဍာရေး လိုအပ်ချက်ကို ဖြေလျှော့စေရန် အစိုးရ-ပုဂ္ဂလိက ပူးပေါင်း ဆောင်ရွက်မှုပုံစံဖြင့် ဆောင်ရွက်သွားရန် လိုအပ်ကြောင်းကိုလည်း ဦးခွန်ဦးက အကြံပြု ပြောကြားသည်။


အဆိုပါညီလာခံနှင့် ပြပွဲကို နိုဝင်ဘာ ၇ ရက်နှင့် ၈ ရက် နှစ်ရက်တာ ကျင်းပ သွားမည်ဖြစ်ပြီး နှစ်ရက်တာကာလအတွင်း စကားဝိုင်း ဆွေးနွေးပွဲများအပြင် ပြည်တွင်းပြည်ပ ပညာရှင်များက စာတမ်းများကိုလည်း ဖတ်ကြားဆွေးနွေး သွားမည်ဖြစ်ကြောင်း သိရသည်။


ထို့ပြင် ညီလာခံနှင့် ပြပွဲတွင် နည်းပညာဆိုင်ရာ ပြခန်းများအဖြစ် ဝန်ကြီးဌာနများနှင့် ပြည်တွင်း ပြည်ပ ကုမ္ပဏီများမှ ပြခန်းပေါင်း ၇ဝ ကျော် ပါဝင်ပြခဲ့ကြောင်း သိရသည်။


သတင်းစဉ်