ဧကာဒသမအကြိမ် မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင်ဗုဒ္ဓဝင် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

ရန်ကုန် မေ ၂၈

မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင်ဗုဒ္ဓ၀င်အဖွဲ့(ဗဟို)ကကြီးမှူး ကျင်းပသည့် ဧကာ ဒသမအကြိမ် မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင်ဗုဒ္ဓဝင် ယှဉ်ပြိုင်ပွဲတွင် ဆုရှိသူများအား ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ (၁)နာရီတွင် ရန်ကုန်မြို့ ဒဂုံမြို့နယ် မြို့မ ကျောင်းလမ်းရှိ အမျိုးသားဇာတ်ရုံ၌ ကျင်းပသည်။

အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ၊ သန်လျင်မင်းကျောင်း ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တစန္ဒိမာဘိဝံသ အမှူးပြုသည့်ဆရာတော်၊ သံဃာတော်များ ကြွရောက်တော်မူကြပြီး မြန်မာနိုင်ငံလုံး ဆိုင်ရာ သုတစုံလင်ဗုဒ္ဓ၀င်အဖွဲ့ (ဗဟို) နာယကကြီးများ၊ ဥက္ကဌနှင့် တာ၀န်ရှိသူများ၊ သင်တန်းနည်းပြဆရာ၊ ဆရာမများ၊ ပြိုင်ပွဲ၀င် ကျောင်းသား၊ ကျောင်းသူများနှင့် မိဘ ဆွေမျိုးများ၊ အလှူရှင်များနှင့် ပရဟိတအဖွဲ့အစည်းများ တက်ရောက်ကြသည်။

ဦးစွာ မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင်ဗုဒ္ဓ၀င်အဖွဲ့(ဗဟို)ဥက္ကဋ္ဌ ဒေါက်တာပဏ္ဍိတ ဘိက္ခုဆရာတော် ကအဖွင်အမှာစကားမိန့်ကြားသည်။

ထို့နောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဌ၊ သန်လျင်မင်းကျောင်း ဆရာတော် ဘဒ္ဒန္တစန္ဒိမာဘိဝံသ၊ ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ဥက္ကဌ၊ အဂ္ဂမဟာကဏ္ဍိတ အဂ္ဂမဟာသဒ္ဒမ္မ ဇောတိကဓဇ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ ဒေါက်တာ ဘဒ္ဒန္တအဂ္ဂသာမိ၊ ဝေမိုးကျွန်းလှ ဆရာတော် ဘဒ္ဒန္တဝိလာသနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင်ဗုဒ္ဓ၀င်အဖွဲ့ (ဗဟို) နာယကဆရာတော်တို့က နိုင်ငံတော်အစိုးရက ချီးမြှင့်ခဲ့ သည့် ဘွဲ့တံဆိပ်တော်ရရှိတော်မူကြသည် ဆရာတော်များ၊ လူပုဂ္ဂိုလ်များအား ထပ်ဆင့် ဂုဏ်ပြုလွှာများ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင်ဗုဒ္ဓ၀င် ဖြေဆိုပူဇော်ပွဲဖြစ်မြောက်ရေး အတွက် တစ်တပ်တစ်အား ပါ၀င်ဆောင်ရွက်ခဲ့ကြသော ဂုဏ်ထူးဆောင်များ၊ ကုသိုလ်ရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ကြသည်။

ယင်းနောက် ဧကာဒသမအကြိမ် သုတစုံလင်ဗုဒ္ဓဝင်ဖြေဆိုပူဇော်ပွဲ နောက်ဆုံး အဆင့်ပြိုင်ပွဲဝင် ခြောက်ဉီးသည် စကားပြောစွမ်းရည်၊ ပါဠိရေးစွမ်းရည်နှင့် သာသနာ တော်ဆိုရာ အထွေထွေဗဟုသုတ မေးခွန်းများကို ဖြေဆိုယှဉ်ပြိုင်ခဲ့ကြပြီး ပထမဆုကို ဧရာ၀တီတိုင်းဒေသကြီး စာဖြေဌာန(၁)၊ ဓနုဖြူမြို့နယ် ချောင်းစောက်ဓမ္မစကူးလ်မှ မချောစုလှိုင်၊ ဒုတိယဆုကို ပဲခူးတိုင်းဒေသကြီး၊ စာဖြေဌာန(၁)၊ အုတ်တွင်းမြို့နယ် သာသနာမာမကဓမ္မစကူးလ်မှ မရှင်းသန့်ခင်၊ တတိယဆုကို ဧရာ၀တီတိုင်းဒေသကြီး၊ စာဖြေဌာန(၁)၊ ဓနုဖြူမြို့နယ် ချောင်းစောက် ဓမ္မစကူးလ်မှ မောင်ဟိန်းထက်ဇော် တို့က ရရှိကြသည်။

ဆက်လက်၍ ဗုဒ္ဓဝံသဒီပလိုမာတန်းအောင်လက်မှတ် ရရှိကြသူများအား မြန်မာ နိုင်ငံလုံးဆိုင်ရာသုတစုံလင်ဗုဒ္ဓ၀င်အဖွဲ့ (ဗဟို)နာယကဆရာတော်များနှင့် တာ၀န်ရှိသူများ က ဘွဲ့လက်မှတ်များ အပ်နှင်းကြသည်။

နံနက်ပိုင်းအစီအစဉ်တွင်လည်း ဧကာဒသမအကြိမ် သုတစုံလင်ဗုဒ္ဓဝင်ဖြေဆိုပူဇော်ပွဲ အလယ်တန်းအဆင့် ဗုဒ္ဓဝံသဗဟုသုတဓရဘွဲ့ရရှိသည့် ကျောင်းသား၊ ကျောင်းသူများ၊ သုတစုံလင်ဗုဒ္ဓ၀င်ဖြေဆိုပူဇော်ပွဲ ပထမအကြိမ်မှ ဒသမအကြိမ်အထိ ပထမဆုရရှိကြသည့် ကျောင်းသားကျောင်းသူများ၊ ဖြေဆိုပူဇော်ပွဲအတွက် ကူညီပံ့ပိုးပေးကြသူများအား ရန်ကုန်တိုင်းဒေသကြီး၊ သံဃနာယကအဖွဲ့ဥက္ကဌ၊ ဒေါက်တာဘဒ္ဒန္တအဂ္ဂသာမိ၊ မြန်မာ နိုင်ငံလုံးဆိုင်ရာ သုတစုံလင်ဗုဒ္ဓ၀င်အဖွဲ့(ဗဟို)ဥက္ကဌ ဒေါက်တာပဏ္ဍိတ ဘိက္ခု၊ ဒုတိယ ဥက္ကဌနှင့် အဖွဲ့၀င်ဆရာတော်များက ဘွဲ့လက်မှတ်နှင့် ဂုဏ်ပြုလက်မှတ်များ ပေးအပ် ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။

ဇော်မင်းလတ်(MNA)