ဧရာဝတီ

သိပ္ပံမောင်ဝ

ဝန်ထောက်မောင်လူအေးသည် ရုံးတွင် နေ့ခင်းက အမှုတစ်မှုကို စစ်ဆေးရာ နှစ်ဖက်စလုံးကပင် သက်သေခိုင်လုံနေသဖြင့် စဉ်းစားရကျပ်လှသောကြောင့် စိတ်အိုက်၍နေ၏။ ထိုနေ့ပင် စီရင်ချက်ချက မှားမည်စိုးသောကြောင့် နောက်တစ်နေ့မှ စီရင်ချက်ချမည်ဟူ၍ အမှုသည်တို့အား ပြောပြီးလျှင် တရားခွင်မှဆင်း၍ အိမ်သို့ ပြန်လာခဲ့ လေသတည်း။ 
တစ်လမ်းလုံးတွင် အမှုအကြောင်းကိုသာ သို့လော သို့လော တွေးတောလျက်လာ၏။ အိမ်သို့ပြန်ရောက်ပါလည်း ဤအမှုအကြောင်းကိုပင် တွေးတော၏။ ညနေလက်ဖက်ရည်သောက်သော လက်ဖက်ရည် စားပွဲတွင်လည်း အမှုအကြောင်းကို တွေး၏။ ထိုင်နေသည်ဖြစ်စေ၊ ထနေသည်ဖြစ်စေ၊ လမ်းလျှောက်နေသည်ဖြစ်စေ ၎င်းအမှုအကြောင်းမှာ ရစ်ဝဲရစ်ဝဲနှင့် စိတ်ထဲတွင်နေ၏။ သို့သော် ဆုံးဖြတ်ချက်ကိုကား တွေးတော၍မရသဖြင့် အခက်နှင့်တွေ့ကြုံရ၏။
အကြံကောင်းများ ရလိုရငြား နေစောင်းသွားလျှင် အိမ်မှထွက်၍ ဧရာဝတီမြစ်ကမ်းခြေသို့ လမ်းလျှောက်ထွက်သွား၏။ ထိုအခါသည်ကား ဧရာဝတီမြစ်ထဲတွင် ရေနည်းသော တပေါင်းလကုန်ခါစအခါတည်း။ ကမ်းခြေတစ်လျှောက်တွင် သောင်ပြင်ကြီး ထွန်းလျက်နေ၏။ ထိုသို့ထွန်းလျက်နေသော သောင်ပြင်ကြီးမှာ ကမ်းခြေမှ ပေသုံးရာခန့် မြစ်ဘက်သို့ ထွန်းလျက်နေ၏။ 

ကမ်းနားလမ်းတစ်လျှောက် အရှေ့မှအနောက်သို့ အစဉ်အတိုင်း လျှောက်၍သွားရာ အစိုးရဆေးရုံ၊ အေဘီအမ်မိန်းကလေးကျောင်း၊ စက်ရှင်မင်းကြီးအိမ်၊ အရေးပိုင်မင်းအိမ်၊ ဗိုလ်တဲ၊ ဆရာဝန်ကြီးအိမ်၊ အရာရှိများ၏အသင်းရုံးတို့ကို အစဉ်အတိုင်းကျော်လွန်၍လာခဲ့၏။ အသင်းရုံးသို့ရောက်လျှင် ကမ်းနားလမ်းဆုံးတော့၏။ ကမ်းပါးအောက် သို့ဆင်းကာ အနောက်ဘက်သို့ ဆက်လက်၍လျှောက်သွားပြန်၏။ အတန်ကလေးသွားမိလျှင် ခံတပ်ပျက်သို့ ရောက်၏။ ဤခံတပ်ကား မြန်မာမင်းလက်ထက်က ဆောက်လုပ်ထားသော ခံတပ်ဖြစ်လေသည်။ ပျက်စီးလျက်နေပေပြီ။ 

လမ်းလျှောက်ရင်း တစ်လမ်းလုံးအမှုအကြောင်း စဉ်းစား၍လာ သောကြောင့် ဘာအကြောင်းကိုမှ မတွေးတောနိုင်။ ဘာအကြောင်းကိုမျှ  သတိမရနိုင်၊  အမှုအကြောင်းနှင့်သာ  အချိန်ကုန်ခဲ့၏။ သို့သော် ဤခံတပ်ဟောင်းသို့ ရောက်သောအခါ၌မူကား ရှေးဟောင်းနှောင်းဖြစ် မြန်မာမင်းတို့၏အကြောင်းများကို ပြန်လည်ကာ စဉ်းစားမိ၏။ စစ်ဖြစ်စဉ်က မည်သို့တိုက်ခိုက်ကြမည့်အကြောင်း၊ မည်သို့ကျဆုံးကြမည့်အကြောင်းတို့ကို စိတ်ကူးမိ၏။ ဤအခါကျမှ ယခင်စဉ်းစားနေရင်း အမှုအကြောင်းမှာ စိတ်ကူးထဲမှ ပျောက်၍ သွားတော့သတည်း။

ခပ်မောမောရှိသဖြင့် ခံတပ်အစွန်းနားရှိ အုတ်များအပေါ်တွင် တက်၍ထိုင်ကာ ဧရာဝတီမြစ်ဘက်သို့ လှမ်း၍ကြည့်၏။ ထိုင်နေရာ အနောက်ဘက် မနီးမဝေးရှိ ရွာမှဆင်း၍ ပျော်ပါးစွာရေခပ်နေကြ သည်ကိုမြင်ရလျှင် စိတ်ပျော်ရွှင်၍ လာလေ၏။

ရေအိုးကို ရွက်သူရွက်၊ ဆိုင်းနှင့်ပဲ့ ထမ်းသူကထမ်း၊ ရေအိုး နှစ်လုံးကိုဆင့်ပြီး ရွက်သူရွက်၊ လူနှစ်ယောက် အိုးကြီးကြီးတစ်လုံးကို ထမ်းပိုးနှင့် ထမ်းသူကထမ်း။

အသက်အရွယ် ကြီးကြီးလည်းပါ၊ ငယ်ငယ်လည်းရှိ၊ ယောက်ျား၊ မိန်းမမကျန် အားလုံးပင် ပျားပန်းခပ်ဘိသကဲ့သို့ သောင်ပြင်ကြီးတွင် ဆင်းသူဆင်း၊ တက်သူတက်နေကြ၏။ အသက်အရွယ်ငယ်သူတို့အနက် သုံးနှစ်၊ လေးနှစ်မျှရှိကြသေးသော ကလေးများပင်ပါ၏။ အသက်ကြီးသူတို့အနက်လည်း  ခုနစ်ဆယ်ကျော်သူတို့ပင် ပါလေသည်။

လူအများ တက်ဆင်းကြသည်မှာ များလှသောကြောင့် သောင်ပြင်တစ်ပြင်လုံး ဖုန်တထောင်းထောင်း ထလျက်ရှိနေ၏။ ဆောင်းတွင်း၌ မြူများအုပ်နေသကဲ့သို့ ဖြစ်လေသည်။ သီချင်းအော် ဆိုသူကလည်းဆို၊ စကားအော်ပြောသူကလည်းပြော၊ တစ်ယောက်ကို တစ်ယောက်အော်ပြီး ခေါ်သူတွေလည်းခေါ် ပျော်လိုက်ကြသည် ဖြစ်ခြင်း။ 

ရေကူးသူတို့ကလည်း မရှား။ ကစားနေသူတို့ကလည်း အပုံပင်။ ခုန်ပေါက်နေသူတို့ကလည်း အနန္တ။ ပြေးလွှားနေသူတို့ကလည်း စံမရအောင် များလှစွာ၏။

ပွဲအကြောင်းလည်း ပြောကြ၊ ရုပ်ရှင်အကြောင်းလည်း ပြောကြ၊ မီးလောင်သည့် အကြောင်းပြောကြ၊ ဓားပြတိုက်သည့်အကြောင်းလည်း ပြောကြ၊ ဆူညံ၍ နေပေသည်။

အချို့က သဲထဲတွင် တောင်ပုံ၊ တောပုံလုပ်ကြ၏။ အချို့က သဲပုံ စေတီတည်ထားကြ၏။ ကလေးများကလည်း ဘုရားဖူးသွားဟန် ဆူညံ၍နေ၏။  လူများဆူညံ၍နေသည့်ကြားတွင် ခွေးများကပါ ပျော်ပါးရှာကြလွန်း၍ ဟိုပြေးဒီပြေး တစ်ပြေးတည်းပြေးလျက်နေ ကြသည်။

ဟိုသောင်ပြင်ပေါ်တွင် တံငါလုပ်စားကြသော တံငါသည်များ၏ တဲကလေးများမှာလည်း သုံးလေးဆယ်ခန့် ရွာကလေးတစ်ရွာပင်။ ထိုတဲကလေးတို့အနားတွင်  ပျော်ပါးစွာကစား၍နေကြသော ကလေးတို့ကလည်း သံပုံးများကို ဆူညံစွာတီးနေကြ၏။ လုံချည်ကွင်းများ၊ အင်္ကျီစုတ်များကို အလံထူကာ ဘုရားပွဲတော်လှည့်သကဲ့သို့ စိတ်ထင်ရာလုပ်၍ နေကြကုန်၏။ အရပ်ထဲတွင် သံပုံးတီးသံကို ကြားရလျှင် ဒေါသထွက်ပေလိမ့်မည်။ သို့သော် ဤအချိန်၊ ဤအခါ၊ ဤနေရာ၌ကား သံပုံးတီးသံကိုပင် သာယာသကဲ့သို့  ထင်မှတ်မိ၏။

ရေကူးသူတို့မှာလည်း ရိုးရိုးကူးကြသည်မဟုတ်။ လိုက်ကြ၊ ပြေးကြ၊ သီချင်းဆိုကြ၊ စောင်းမြောင်းပြောဆိုကြ။ ဤအခိုက်တွင် လှေကြီး၊ လှေငယ်၊ ငှက်ကလေးများလည်း မကြာမကြာ စုန်၍သွားကြ၏။ ဆန်၍လည်း လာကြ၏။ ထိုလှေတို့တွင် ပါလာသောသူတို့အား သောင်ပြင်ပေါ်တွင် ရှိနေကြသော သူတို့က လှမ်း၍စကားပြောကြ၏။ လှမ်း၍နောက်တောက်တောက် ပြောကြ၏။ လှမ်း၍စောင်းမြောင်းကာ သီချင်းဆိုကြ၏။

လှေပေါ်တွင်  ပါလာသူတို့ကလည်း စိတ်ဆိုးခြင်းမရှိ။ ပြန်လှန်ကာ ပျော်ပါးစွာသီချင်းဆိုကြ၊ နောက်ကြ ပျော်စရာကြီး ဖြစ်လေသည်။ အနီးအနားတွင် လှေများဖြတ်၍ သွားပြန်လျှင် လည်း ရေကူးနေသူတို့မှာ လှေနားသို့ရောက်အောင်  ကူးသွားကြပြီးလျှင် လှေတွင်တွယ်၍ လိုက်သွားကြသည်။ လှေတွင်ပါလာသူတို့က ထိုးဝါးဖြင့်  ရိုက်မယောင်လုပ်ကာ ကစားကြ၏။ တချို့က လှေပေါ်သို့တက်၍  ဝိုင်းဝန်းကာ လှေထိုးကြ၏။  တော်တော်ဝေးဝေးကျမှ  လှေပေါ်မှ  ခုန်ဆင်းကာ ကမ်းခြေသို့ ကူး၍လာကြကုန်၏။

အချို့လှေတို့မှာလည်း မိမိတို့တွင်ပါလာသော ခရမ်းချဉ်သီး အစရှိသည်တို့ဖြင့် သောင်ပြင်ပေါ်တွင် ပျော်ပါးစွာကစားနေကြသူတို့အား ပစ်ခတ်ကာကစားကြ၏။ သောင်ပြင်မှလည်း ပြန်လှန်၍ပစ်ကြ၏။ ပျော်စရာကြီးတစ်ရပ်ဖြစ်ပေသည်။ 

ဤသို့ ပျော်ပါးစွာကစားနေကြသော သူတို့ကား ထိုအခိုက်တွင် အပူအပင်မရှိ။ အိမ်သို့ ပြန်ရောက်သွားပြန်လျှင်လည်း အပူအပင်မရှိ။ မိမိတို့လုပ်ကိုင်၍ ရသမျှသော ပစ္စည်းဥစ္စာတို့ဖြင့်သာ တင်းတိမ်၍နေကြကုန်၏။ အစားအသောက်မှာလည်း ထမင်းနှင့် ပဲပြုတ်၊ ပဲဟင်းကိုရလျှင် ကျေနပ်ကြပေပြီ။ သွားလာရန်မှာလည်း မိမိတို့တွင်ရှိသော ခြေနှစ်ချောင်းကိုပင် အားကိုးကြ၏။ ဖျားနာပြန်လျှင်လည်း ဆရာဝန်ခေါ်ရန် ငွေကြေးများစွာမလို။ အရပ်ထဲတွင်ရှိသော ဆေးမီးတိုနှင့်ပင် ပျောက်ကြ၏။

ဤသို့ ကြည့်ရှုနေရင်း ထိုသူတို့၏ပျော်ရွှင်ခြင်းကို အားကျမိ၏။ မိမိလုပ်ရသောအလုပ်အကိုင်၏ တာဝန်ကြီးခြင်း၊ စိတ်ပင်ပန်းစရာကောင်းခြင်းတို့ တွေးတောမိ၏။ ဤသို့တွေးတောနေရင်းပင်လျှင် မိုးချုပ်၍လာ၏။  နေလည်းဝင်၍သွားစဲစဲ  ဖြစ်နေ၏။ နေ၏ နီသောအရောင်သည် မြစ်တစ်မြစ်လုံးတွင် ကျနေသောကြောင့် မြစ်တစ်မြစ်လုံး  နီနီရဲရဲကြီးဖြစ်နေ၏။ သောင်ပြင်နှင့် တဲများ အပေါ်သို့ကျနေသော  နေရောင်၏ပုံပန်းကိုကား ပြောမပြနိုင် အောင်ရှိ၏။ စိတ်ကြည်နူးစရာကြီးပင်။  စိတ်ကြည်နူး၍နေစဉ်ပင် နေဝင်၍သွား၏။ မှောင်၍လာ၏။ ရေခပ်သူများလည်း ပါး၍သွား ၏။ ထိုအခါကျမှ ထိုင်နေရာမှထပြီးလျှင် အိမ်သို့ပြန်ခဲ့၏။ အမှု အကြောင်း စိတ်ထဲတွင်ပြန်၍ပေါ်၏။
၁၉၃၁ ခုနှစ်၊ ဧပြီ၊ ဂန္ထလောက။