ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ပခုက္ကူမြို့နယ် နုံးပို့ကျေးရွာရှိ ပြည်လုံးချမ်းသာစေတီ ပြိုကျပျက်စီး

ပခုက္ကူ ဇူလိုင် ၁၀

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ် နုံးပို့ကျေးရွာတွင် ဇူလိုင် ၇ ရက် မွန်းလွဲ ၁ နာရီက ဧရာဝတီမြစ်ရေကြီးပြီး ကမ်းပါးတိုက်စားမှုကြောင့် ရှေးဟောင်းသမိုင်းဝင် ပြည်လုံးချမ်းသာစေတီတော် မြစ်ရေထဲသို့ ပြိုကျပျက်စီးခဲ့ကြောင်း ကျေးရွာဒေသခံများထံမှ သိရသည်။

“ဧရာဝတီမြစ်ရေကြီးပြီး ကမ်းပါးတိုက်စားမှုတွေကြောင့် ကျွန်တော်တို့ရွာမှာရှိတဲ့ ရှေးဟောင်းသမိုင်းဝင် ပြည်လုံးချမ်းသာ စေတီတော်မြတ်ကြီးဟာ ဇူလိုင် ၇ ရက်က ပြိုကျပျက်စီးခဲ့တာပါ။ မြစ်ရေကြီးတာကတော့ ဇွန်လ တတိယအပတ်ကတည်းကပါ။ ကျေးရွာဘုန်းတော်ကြီးကျောင်းကလည်း မြစ်ကမ်းနဲ့ ပေ (၂၀)အကွာမှာပဲ ရှိတော့တာကြောင့် ရွာရဲ့တောင်ဘက်ကို အရေးပေါ်ရွှေ့ပြောင်းထားရပါတယ်။ ကျေးရွာရှိ မြစ်ကမ်းပါးနံဘေးရှိ လူနေအိမ်အချို့ကိုလည်း ဘေးလွတ်ရာကို ပြောင်းရွှေ့နေထိုင်ကြပါတယ်။ ကျန်တဲ့အိမ်‌တွေလည်း ဘေးလွတ်ရာသို့ ရွှေ့ပြောင်းဖို့ ပြင်ဆင်နေကြပါတယ်” ဟု ကျေးရွာနေပြည်သူတစ်ဦးက ပြောပြသည်။

ဧရာဝတီမြစ်ကြီးပြီး ကမ်းပါးတိုက်စားပြိုကျမှုကြောင့် ပြောင်းရွှေ့နေထိုင်ရသည့် ရေဘေးသင့်ပြည်သူများ၏ လိုအပ်ချက်များအား ကူညီထောက်ပံ့နိုင်ရေး သက်ဆိုင်ရာတာဝန်ရှိသူများနှင့် လူမှုရေးအဖွဲ့အစည်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)