ဧရာဝတီမြစ်ရေတက် မြေနုကျေးရွာများတွင် အုတ်ဖိုများ အုတ်ဖုတ်နိုင်မည့် နေရာဒေသများသို့ ပြောင်းရွှေ့လုပ်ကိုင်ရန် ပြင်ဆင်

မန္တလေး   ၁၆   မေ 

 

မန္တလေးမြို့ ဆောက်လုပ်ရေး ဈေးကွက်အတွင်းသို့ အဓိကတင်ပို့ရောင်းချနေသည့် မန္တလေးအနောက်မြောက်ထောင့်တွင်ရှိ ဧရာဝတီမြစ်ရေတက် မြေနုကျေးရွာများတွင် ဆောင်ရွက်လျက်ရှိသော အုတ်ဖိုများ ယခုနှစ်ရေတက်ချိန်တွင် လုပ်ငန်းများရပ်နားထားခြင်းမရှိစေရန် အုတ်ဖုတ်နိုင်မည့် နေရာဒေသများသို့ ပြောင်းရွှေ့လုပ်ကိုင်ရန် ပြင်ဆင်လာကြကြောင်း တွေ့ရသည်။

 

ဧရာဝတီမြစ်ဘေး မြေနုကျေးရွာများမှ အုတ်ဖုတ်ရန် မြေသားကောင်းမွန်ခြင်း၊ ခဲ၊ ခရုအစရှိသည်များ ကင်းစင်ခြင်း၊ ဆောက်လုပ်ရေးလုပ်ငန်းများသို့ ပို့ဆောင်ရန် နီးစပ်လွယ်ကူခြင်းများကြောင့် အုတ်လုပ်ငန်းလုပ်ကိုင်သူအများအပြား လာရောက်လုပ်ကိုင်သောနေရာဖြစ်သည်။

 

'' အုတ်ဖိုထောင်ထားတဲ့ အုတ်သူကြီးတွေအနေနဲ့ အလုပ်ရပ်နားရတဲ့ကာလမှာ ရောင်းနိုင်ဖို့ သိုလှောင်ထားရတဲ့အတွက် အရင်းအနှီးစိုက်ထုတ်ထားရတယ်။ အလုပ်ရပ်ထားတဲ့ရက်တွေမှာ ရာနဲ့ချီတဲ့ လုပ်သားနဲ့မိသားစုတွေ စားဝတ်နေရေးအတွက် ကြိုတင်သုံးငွေထုတ်ပေးရတယ်။ ဒါ့ကြောင့် အုတ်ဖိုနားထားရတဲ့အခါ အုတ်သူကြီးတွေအပြင်က ငွေတိုးယူရတာမျိုးထိရှိကြတယ်။ ဒါကြောင့် လုပ်ငန်းမနားရအောင် အခြားလုပ်ကိုင်လို့ရတဲ့နေရာကို ပြောင်းလဲလုပ်ကိုင်ရတာပါ။ အုတ်ကို ယခင်က မြို့ကြီး ပြကြီးတွေမှာသာ အသုံးများပေမယ့် ယခုအခါမှာ ကျေးလတ်တောရွာတွေအထိ သုံးစွဲမှုများလာတာကြောင့် ဘယ်နေရာမှာ သွားဖုတ်ဖုတ်၊ ဝယ်ယူမယ့်သူရှိပါတယ် '' ဟု အုတ်သူကြီးတစ်ဦးက ပြောသည်။

 

ဧရာဝတီမြစ်ရေမှာ ကဆုန်လဆန်းတွင် စတင်၍ အတက်အကျရှိလာပြီး ဝါဆို၊ ဝါခေါင်လများတွင် အမြင့်ဆုံးရေအမှတ်ထိ တက်လေ့ရှိသည်။ ယင်းကာလများတွင် ရာသီဥတုအခြေအနေကြောင့် ပျက်စီးဆုံးရှုံးမှုများလေ့ရှိပြီး ကျန်ကာလများတွင် အားစိုက်လုပ်ကိုင်လေ့ရှိကြသည်။

 

အေးမြ(မန္တလေး)