ပုသိမ်    ဖေဖော်ဝါရီ      ၉

(၇၉)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ဂေါက်သီးရိုက်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ညပိုင်းက ဧရာဝတီ ဂေါက်ကလပ်(ပုသိမ်)၌ ကျင်းပသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများက ပြိုင်ပွဲအသီးသီးတွင်  ဆုရရှိသူများအား   ဆုများချီးမြှင့်ပေးကြသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်ကိုယ်စား တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက အကျောပေးပြိုင်ပွဲတွင် အသင်းလိုက်ပထမဆုရရှိသော မြောင်းမြခရိုင် အသင်းအားလည်း‌ကောင်း၊ အကျောမဲ့ပြိုင်ပွဲ အသင်းလိုက်ပြိုင်ပွဲတွင် ပထမဆုရရှိသော ပုသိမ်ခရိုင်အသင်းအားလည်းကောင်း  ငွေသားဆုနှင့် ဆုဖလားတို့ကို ပေးအပ်ချီးမြှင့် ခဲ့ပြီး  ဧရာဝတီဂေါက်ကလပ်သို့ ဂုဏ်ပြုငွေများ ဆက်လက်ချီးမြှင့်သည်။

အဆိုပါပြိုင်ပွဲကို  ဖေဖော်ဝါရီ ၇ ရက်မှ ၈ ရက်အထိ ကျင်းပခဲ့ပြီး ပြိုင်ပွဲဝင်အသင်း ၁၁ သင်းနှင့်   တစ်ဦးချင်းပြိုင်ပွဲဝင် ၁၀၅ ဦး ပါဝင် ယှဉ်ပြိုင်ခဲ့ကြောင်းနှင့်  ပြိုင်ပွဲတွင် အသင်းလိုက်  အကျောပေးပြိုင်ပွဲ၊  အကျောမဲ့ပြိုင်ပွဲ၊ တစ်ဦးချင်းသက်ကြီးတန်း၊ အမျိုးသား အမျိုးသမီး ပြိုင်ပွဲများပါဝင်ကြောင်း သိရသည်။        

တိုင်းဒေသကြီး(ပြန်/ဆက်)