ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် အခြေခံပညာနှင့်စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း (ချင်းမြောင်) သုံးထပ်ကျောင်းဆောင်သစ် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

ကြံခင်း ဇွန် ၂၆

 

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်း၊ ခရိုင်မှ တာဝန်ရှိသူများသည် ယမန်နေ့ နံနက်ပိုင်းက ကြံခင်းမြို့နယ်၊ ကလို့ကွင်းအုပ်စုရှိ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း (ချင်းမြောင်) သုံးထပ်ကျောင်းဆောင်သစ် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်သည်။

 

ဦးစွာ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ လူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေမျိုးအောင်၊ တိုင်းပညာရေးမှူးရုံး ညွှန်ကြားရေးမှူး(စီမံ) ဒေါက်တာကျော်စိုးနိုင်နှင့် မြန်အောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်တို့က ကျောင်းဆောင်သစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရည်ဖြင့် ပက်ဖျန်းကာ ကျောင်းဆောင်သစ်အား လှည့်လည်ကြည့်ရှုကြသည်။

 

ထို့နောက် အဆိုပါကျောင်းဆောင် ပညာရတနာခန်းမအတွင်း အခမ်းအနားကျင်းပရာ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက အဖွင့်အမှာစကားပြောကြားပြီး ကျောင်းသား/ကျောင်းသူများကို ကျောင်းသုံးဗလာစာအုပ်၊ စာရေးကိရိယာများ ထောက်ပံ့ပေးကာ Datail Land ကုမ္ပဏီ ဒါရိုက်တာ ဦးမြင့်ဆွေက ကျောင်းဆောင်သစ်နှင့် ပတ်သက်သည့် မှတ်တမ်းများကို တိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး(စီမံ) ဒေါက်တာကျော်စိုးနိုင်ထံ လွှဲပြောင်းပေးအပ်သည်။ ယင်းနောက် ဒါရိုက်တာ ဦးမြင့်ဆွေက ကျောင်းအတွက် အလှူငွေများ ပေးအပ်လှူဒါန်းရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးမင်းက လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

 

ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် ကြံခင်းမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ဧရာဦးခန်းမတွင် ၂၀၂၄ ခုနှစ်၊ မွေးဖွားမှု/သေဆုံးမှုစာရင်း တိုက်ဆိုင်စစ်ဆေးခြင်း အစည်းအဝေးသို့ တက်ရောက်ပြီး မြို့နယ်မွေးဖွားမှုနှင့်သေဆုံးမှု မှတ်ပုံတင်ခြင်းဆိုင်ရာလုပ်ငန်း စာရင်းဇယားများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ဝင်များ၊ မြို့နယ်(လ.ဝ.က)ရုံး၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ ရပ်ကွက်/ကျေးရွာများမှ အုပ်ချုပ်ရေးမှူးနှင့် စာရေးများအား တွေ့ဆုံသည်။ တွေ့ဆုံစဉ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးတင်မြိုင်က မွေးဖွား/သေဆုံးမှု လူဦးရေစာရင်း ကောက်ယူသည့်ပုံစံနှင့် ပြီးစီးမှုအခြေအနေများ၊ တိုင်းဒေသကြီး ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးအောင်ဝင်းသိန်းက မွေးဖွားမှု/သေဆုံးမှု လူဦးရေစာရင်းအား ပန်းခင်းစီမံချက်(၃)ဖြင့် စနစ်တကျ တိုးတက်/လျှော့နည်းမှုစာရင်းများ မှန်ကန်စွာ ကောက်ယူနိုင်ရေးနှင့် အခြေအနေများအား ပြောကြားသည်။

 

ယင်းနောက် ဝန်ကြီးချုပ်က မွေးဖွားမှု/သေဆုံးမှု လူဦးရေစာရင်း စနစ်တကျကောက်ယူခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး သက်ဆိုင်ရာ ရပ်ကွက်/အုပ်စုများအလိုက် မြေပြင်ကောက်ယူထားမှု အခြေအနေအား တာဝန်ရှိသူများက တင်ပြရာ စာရင်းအမှန်ရရှိရေး ပူးပေါင်းဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)