ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အမျိုးသမီးယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များအား ယာဉ်မောင်းသင်တန်း ဖွင့်လှစ်သင်ကြားပေး

ပုသိမ် ၁၀ မတ်

 


အမျိုးသမီးယာဉ်ထိန်း ရဲတပ်ဖွဲ့ဝင်များအား အရေးကြီးပုဂ္ဂိုလ်ခရီးစဉ်တွင် လိုက်ပါဆောင်ရွက်နိုင်ရန်အတွက် မတ် ၁၀ ရက်မှစပြီး  ယာဉ်မောင်းသင်တန်း ဖွင့်လှစ်ကာ လက်တွေ့သင်ကြားပေးလျက်ရှိကြောင်း အမှတ် (၁၃) ယာဉ်ထိန်းဒုတပ်ဖွဲ့ခွဲ (ဧရာဝတီတိုင်း) ရုံးမှ သိရသည်။

 


သင်တန်းကို အမှတ် (၁၃) ယာဉ်ထိန်း ဒုတပ်ဖွဲ့ခွဲ (ဧရာဝတီတိုင်း) ရုံးမှ ဒုရဲအုပ်မိုးကျော်သူ ဦးစီးပြီး နည်ပြအဖြစ် တပ်ကြပ်ကြီး အောင်မင်းနှင့် အဖွဲ့ဝင်များက ယာဉ်ထိန်းအမျိုးသမီး (၁၁) ဦးတို့အား အရေးပေါ်ခရီးစဉ်တွင် အသုံးပြုမည့် အိပ်ဂျဲရိုး၊ ဆူဇူကီး၊ လီဖန်း ဆိုင်ကယ်အမျိုးစားများအား အမောင်းသင်ခြင်း၊ အချက်ပေးမီးစနစ် အသုံးပြုပုံ၊ အရေးပေါ်ခရီးစဉ်တွင် သိထားရမည့်အချက်များ၊ ယာဉ်သွားလာမှုနည်းစနစ်၊ အရေးပေါ်လုံခြုံရေး သိထားရမည့်အချက်များ၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာများ၊ ယာဉ်တစ်ယောက်စီးခြင်း၊ နှစ်ယောက်စီးနှင်ခြင်း စသည့် သင်ခန်းစာများကို သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 


အဆိုပါသင်တန်းကို အရေးကြီးပုဂ္ဂိုလ်ခရီးစဉ်တွင် အမျိုးသမီး ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များကို အသုံးပြုနိုင်ခြင်း မရှိသေးသည့်အတွက် အသုံးပြုနိုင်ရန်ရည်ရွယ်ပြီး သင်တန်းဖွင့်လှစ်ပေးရခြင်း ဖြစ်ကြောင်းနှင့် ဧရာဝတီတိုင်းအတွင်း ယာဉ်ထိန်းအမျိုးသမီး ရဲတပ်ဖွဲ့ဝင်အင်အားမှာ ပုသိမ်ခရိုင်းတွင် (၁၁)ဦး၊ မြောင်မြခရိုင်တွင် (၂) ဦးသာရှိသေးကြောင်း သိရသည်။

 


ဧရာဝတီတိုင်းဒေသကြီးအတွင်း အမျိုးသမီး ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ လိုအပ်လျက်ရှိကာ အမျိုးသမီးများအနေဖြင့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်နိုင်ရန်အတွက် ဖိတ်ခေါ်လျက်ရှိကြောင်း၊ တပ်ဖွဲ့ဝင်တစ်ဦးအဖြစ် ဝင်ရောက်လိုပါက ဘွဲ့ရ (သို့မဟုတ်) တက္ကသိုလ် ဒုတိယနှစ် အောင်မြင်ပြီးသူ၊ အရပ် (၅)ပေ (၄)လက်မရှိရမည်ဖြစ်ကြောင်းနှင့် တပ်ဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်လိုပါက သက်ဆိုင်ရာ ယာဉ်ထိန်းတပ်ဖွဲ့ခွဲရုံးများသို့ လာရောက်ဆက်သွယ်နိုင်ကြောင်း သိရသည်။

 


မင်းထွန်းဇော်(၁၂၆)