ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ပါရမီ​ဒေါင့်ကျေးရွာတွင် ၂၀၂၂ ခုနှစ် မိုးစပါးရာသီ သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်) ထည့်သွင်းခြင်း ကွင်းသရုပ်ပြပွဲသို့ တက်ရောက်ကြည့်ရှုအားပေး

အိမ်မဲ ဇွန် ၂၃

 

ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ် ပါရမီဒေါင့်ကျေးရွာ တောင်သူ ဦးဌေးလွင်၏ လယ်ကွင်းအမှတ်(၂၂)၊ ဦးပိုင်အမှတ် ၁/၁ တွင် ၂၀၂၂ ခုနှစ် မိုးစပါးရာသီ သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) ထည့်သွင်းခြင်း ကွင်းသရုပ်ပြပွဲကို ဇွန် ၂၀ ရက် မွန်းလွဲ ၁ နာရီ ၄၅ မိနစ်တွင် ကျင်းပရာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း တက်ရောက်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။

 

“သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) ကို လယ်မြေအတွင်း ထည့်သွင်းစိုက်ပျိုးပါက တစ်ဧကကို သစ်စိမ်းမြေသြဇာမျိုးစေ့ (၄)ပြည် ကြဲပတ်ရပါတယ်။ စျေးနှုန်းကတော့ (၁)ပြည်ကို ၂၅၀၀ ကျပ်ပါ၊ ကြဲပတ်ပြီးလို့ (၄၅)ရက်ကြာရင် ထည်ထိုးမြေမြုပ်ပြီး မြေသြဇာအဖြစ် အသုံးပြုလို့ရပါပြီ။ တစ်ဧကကို သစ်စိမ်းမြေသြဇာ အစိုတန် (၁၃ ဒသမ ၅)တန် ထွက်ရှိပြီး ယူရီးယားဓာတ်မြေသြဇာ (၂ ဒသမ ၆၆)အိတ်၊ တီစူပါ (၀ ဒသမ ၃၅)အိတ်၊ ပိုတက် (၁ ဒသမ ၃၇)အိတ်နှုန်းနှင့် ညီမျှပါတယ်။ အခု ယူရီးယားဓာတ်မြေသြဇာက (၁)အိတ်ကို ၈၅၀၀၀ ကျပ်လောက် စျေးပေါက်ပါတယ်။ ပြောချင်တာကတော့ သစ်စိမ်းမြေသြဇာ ထည့်သွင်းစိုက်ပျိုးတဲ့အခါ မျိုးစေ့ဖိုး ၁၀၀၀၀ ကျပ်သာကျပြီး ယူရီးယား (၂)အိတ်ကျော်နဲ့ ညီမျှတာကြောင့် တောင်သူများကို သစ်စိမ်းမြေသြဇာ ထည့်သွင်းစိုက်ပျိုးဖို့ အကြံပြုချင်ပါတယ်” ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးတင်မောင်ဦးက ပြောသည်။

 

ဦးစွာ စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးစိန်မောင်မြင့်က တောင်သူ ဦးဌေးလွင်၏ စိုက်ပျိုးမြေ (၄)ဧကတွင် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) ကို စိုက်ပျိုးထားရှိကြောင်း၊ သစ်စိမ်းမြေသြဇာတစ်ဧက စိုက်ပျိုးလျှင် သစ်စိမ်းမြေသြဇာ အစိုတန် (၁၃ ဒသမ ၅)တန် ထွက်ရှိပြီး ယူရီးယားဓာတ်မြေသြဇာ (၂ ဒသမ ၆၆)အိတ်၊ တီစူပါ (၀ ဒသမ ၃၅)အိတ်၊ ပိုတက် (၁ ဒသမ ၃၇)အိတ်နှုန်းနှင့် ညီမျှကြောင်းကို ဝန်ကြီးချုပ်နှင့် တောင်သူများအား ရှင်းလင်းတင်ပြခဲ့သည်။

 

ဆက်လက်ပြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့၊ စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးစိန်မောင်မြင့်၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခိုင်ထွန်းဇော်နှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ် ဌာနဆိုင်ရာအကြီးအကဲများနှင့် တောင်သူများတို့မှ သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) ထယ်ထိုး မြေမြုပ်ခြင်းကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

 

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က တက်ရောက်လာသော တောင်သူများနှင့် စိုက်ပျိုးရေးကိစ္စများကို ရင်းရင်းနှီးနှီး တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

 

ချစ်သက်လယ် (အိမ်မဲ ပြန်/ဆက်)