ဧရာဝတီတံတား (ရတနာပုံ ) ပေါ်မှ ခုန်ချသေဆုံးခဲ့သည့် အမျိုးသား၏ ရုပ်အလောင်းအား ပြန်လည်တွေ့ရှိ

စစ်ကိုင်း  ၄   သြဂုတ် 


မန္တလေးမြို့နှင့် စစ်ကိုင်းမြို့ကို ဆက်သွယ်ထားသည့် ဧရာဝတီတံတား (ရတနာပုံ) ပေါ်မှ ဧရာဝတီမြစ်အတွင်း ခုန်ချသေဆုံးသွားခဲ့သည့် အမျိုးသား၏ ရုပ်အလောင်းကို သြဂုတ်လ ၄ ရက်နေ့ နေ့လယ်၂ နာရီခန့်က စစ်ကိုင်းမြို့၊ ဧမြဝတီဆိမ်းကမ်းမှ  ပြန်တွေ့ရှိကြောင်း အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ (စစ်ကိုင်း) က သိရသည်။


ဧရာဝတီမြစ်အတွင်း ခုန်ချသေဆုံးသူမှာ စစ်ကိုင်းမြို့နယ်၊ ကျောက်ဆည်ကုန်းရွာနေ ကိုပြည့်ဟိန်းထက် အသက် (၂၃) နှစ်ဖြစ်ပြီး  ၎င်းသည် နှလုံးသားရေးရာကိစ္စကြောင့် ဧရာဝတီတံတား( ရတနာပုံ ) စစ်ကိုင်းဘက်ခြမ်းမှ သြဂုတ်လ ၂ ရက်နေ့ ညနေ ၅ နာရီအချိန်ခန့်က ဧရာဝတီမြစ်အတွင်း ခုန်ချခဲ့ခြင်းဖြစ်ကြောင်း အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့(စစ်ကိုင်း)မှ အတွင်းရေးမှူး ကိုစိုးမင်းဦးက ပြောသည်။


'' မနက်ကတည်းက ကျွန်တော်တို့ နေရာအနှံ့ရှာနေတာ ဘာလို့လဲဆိုတော့ ဒီနေ့ က ပေါ်လာနိုင်တဲ့ရက်ဖြစ်တဲ့အတွက်ကြောင့် ရေလုပ်သားတွေကိုလည်း သတင်းဖြန့်ထားတယ် ။ ရေလုပ်သား တစ်ယောက်က ခြုံထဲမှာတွေ့တယ် ဆိုတာနဲ့ သွားရောက်ဆယ်ယူခဲ့တယ် ''ဟု  ၎င်းကပြောသည်။


တံတားပေါ်မှ ခုန်ချသေဆုံးသွားသည့် ကိုပြည့်ဟိန်းထက် အသက် (၂၃) နှစ်၏  ရုပ်အလောင်းကို တွေ့ရှိရန်အတွက် သြဂုတ်လ ၂ ရက်နေ့ ညနေပိုင်းအချိန်က စတင်၍  အရေးပေါ်ကယ်ဆယ်ရေး အဖွဲ့ (စစ်ကိုင်း)၊သုခကာရီ ( Resuce) နှင့် ဒေသခံရေလုပ်သားတို့ ပူးပေါင်းပြီး ရှာဖွေခဲ့ရာ တွေ့ရှိခဲ့ခြင်းမရှိဘဲ  ရေနစ်ခဲ့ပြီး သုံးရက်မြောက်နေ့  (ယနေ့) ၌ ဧမြဝတီဆိမ်းကမ်းတွင် ၎င်း ၏ ရုပ်အလောင်းကို ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


တွေ့ရှိရသည့် ရုပ်အလောင်းအား  အရေးပေါ်ကယ်ဆယ်ရေး အဖွဲ့ (စစ်ကိုင်း) နှင့်အိုးဘိုရပ် ကယ်ဆယ်ရေး အဖွဲ့တို့ပူပေါင်း၍ အလောင်းတွေ့ရှိရာ ဧမြဝတီဆိမ်ကမ်းသို့ သွားရောက်ထုပ်ပိုးပြီး စစ်ကိုင်းမြို့၊ကမ်းနားလမ်း တာဝါတိုင်ဆိပ်ကမ်းသို့   လှေဖြင့်သယ်ယူခဲ့ကာ ထိုရေဆိပ်မှ  တစ်ဆင့် စစ်ကိုင်းပြည်သူ့ဆေးရုံကြီးသို့  အိုးဘို Rescue ကားဖြင့် ပို့ဆောင်ခဲ့ကြောင်း သိရသည်။


ခိုင်ဇေယျ