EV Battery စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုမူဝါဒ(မူကြမ်း) ရေးဆွဲခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၄) ကျင်းပ

နေပြည်တော် ဖေဖော်ဝါရီ ၂၈

 

EV Battery စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုမူဝါဒ(မူကြမ်း) ရေးဆွဲခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၁/၂၀၂၄)ကို ဖေဖော်ဝါရီ ၂၇ ရက် နံနက်ပိုင်းက သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၌ ကျင်းပခဲ့သည်။

 

ဦးစွာ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျကအမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီက နိုင်ငံတော်တွင် အခြားနိုင်ငံများနည်းတူ EV ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ၂၀၅၀ ပြည့်နှစ်အထိ မူဝါဒများကို ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ EV သုံးစွဲမှုများ မြင့်တက်လာပါက နိုင်ငံတော်အတွင်း ရေရှည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုကို ဖော်‌ဆောင်ရာတွင် အထောက်အကူပြုစေပြီး  ရုပ်ကြွင်းလောင်စာအပေါ်မှီခိုရမှုနှင့် စက်သုံးဆီအတွက် နိုင်ငံခြားငွေ ကုန်ကျစရိတ်များနှင့် ပြည်သူများ၏ စက်သုံးဆီကုန်ကျစရိတ်တို့ကိုပါ လျှော့ချနိုင်မည် ဖြစ်ကြောင်း၊ ယင်းအပြင် နိုင်ငံ့မြို့ကြီးများတွင် လေထုအရည်အသွေး ညွှန်းကိန်းများကို မြင့်မားစေပြီး ပြည်သူများအတွက် သန့်ရှင်းသော လေထုမှတစ်ဆင့် ကျန်းမာရေးကောင်းမွန်စေသည့် ဆုလဒ်များကိုပါ တစ်ပါတည်း ရရှိနိုင်မည်ဖြစ်ကြောင်း။

 

EV ကဏ္ဍဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ EV Battery စွန့်ပစ်ပစ္စည်းများ ရှိလာမည်ဖြစ်ရာ ရေရှည် အကျိုးကျေးဇူး ဖြစ်ထွန်းရန်အတွက် မျှော်မှန်းကာ ဘက်ထရီများကို စွန့်ပစ်ခြင်းနှင့် ပြန်လည်အသုံးပြုခြင်းမှ ဖြစ်ပေါ်စေသော Environmental Footprint သဘာဝပတ်ဝန်းကျင်အပေါ် သက်ရောက်မှုများကို ဖြေရှင်းရန် မူဝါဒများ၊ လုပ်ငန်းစဉ်များ ရေးဆွဲချမှတ်ရန် လိုအပ်ကြောင်း၊ ဘက်ထရီထုတ်လုပ်ရေးအတွက် သုံးစွဲရသည့် သယံဇာတရင်းမြစ်များသည် အကန့်အသတ်ရှိသဖြင့် အချိန်မတိုင်မီ စွန့်ပစ်ခြင်းမှ ကြိုတင်ကာကွယ်မှု (Prevention)၊ ပထမသက်တမ်းအတွက် အသုံးပြုပြီးသား ဘက်ထရီဆဲလ်များကို ဒုတိယသက်တမ်းအတွက် ပြန်လည်အသုံးပြုခြင်း (Reuse)၊ ဘက်ထရီများရှိ အဖိုးတန်ကုန်ကြမ်းများကို ပြန်လည်ထိန်းသိမ်း အသုံးချကာ စွမ်းအင်အတွက် ပြန်လည်ရယူထားသော ဘက်ထရီပစ္စည်းများကို အသုံးပြုခြင်း (Recovery)၊ ဘက်ထရီများရှိ အဖိုးတန်ပစ္စည်းများ လုံးဝကုန်ဆုံးချိန်မှသာ စွန့်ပစ်ခြင်း (Disposal)တို့အတွက် လုပ်ငန်းစဉ်များအလိုက် စည်းမျဉ်း စည်းကမ်းနှင့် လိုက်နာရမည့်အချက်များကို ရေးဆွဲရန် လိုအပ်ကြောင်း၊ လျှပ်စစ်သုံးယာဉ် ဘက်ထရီ စွန့်ပစ်ခြင်းဆိုင်ရာ စီမံခန့်ခွဲမှုသည် အစိုးရဌာန၊ စက်မှုလုပ်ငန်းနှင့် သက်ဆိုင်သူများ၊ ပြင်ပအဖွဲ့အစည်းများနှင့် ပြည်သူများ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း၊ စနစ်တကျ ချမှတ်ထားသော မူဝါဒတစ်ခုသည် ဘက်ထရီစွန့်ပစ်ခြင်းနှင့် ဆက်စပ်နေသော သဘာဝပတ်ဝန်းကျင်သို့ ဆိုးကျိုးသက်ရောက်မှုများ၊ လုပ်ငန်းခွင်ဘေးအန္တရာယ်နှင့် ကျန်းမာရေး ထိခိုက်မှုများကို လျှော့ချပေးရုံသာမက ဘက်ထရီ ပြန်လည်အသုံးပြုသည့် နည်းပညာများတွင် ဆန်းသစ် တီထွင်မှုကို တွန်းအားပေးနိုင်မည်ဖြစ်ပြီး Circular Economy စနစ် ဖွံ့ဖြိုးတိုးတက်လာစေရန် အထောက်အကူပြုနိုင်မည် ဖြစ်ကြောင်း၊ ယနေ့ခေတ်တွင် လျှပ်စစ်သုံးယာဉ် ဘက်ထရီနည်း ပညာများသည် လျှင်မြန်စွာ ဖွံ့ဖြိုးတိုးတက်နေပြီး စွမ်းအင် သိပ်သည်းဆ ပိုမြင့်မားကာ ဆိုးကျိုးသက်ရောက်မှု လျှော့ချနိုင်၍ အားသွင်းချိန် ပိုမြန်ပြီး ခရီးအကွာအဝေး ပိုမိုသွားလာနိုင်သော ဘက်ထရီသစ်များလည်း ပေါ်ပေါက်လာပြီဖြစ်ရာ ၎င်းနည်းပညာအရွေ့တို့နှင့်အတူ လိုက်ပါဆောင်ရွက်နိုင်ရေးအတွက် ချမှတ်ပြီး မူဝါဒနှင့် လုပ်ငန်းစဉ်များကို ပြန်လည်၍ မွမ်းမံဖြည့် စွက်သွားရန်၊ အရည်အသွေးပြည့်မီသော လူ့စွမ်းအား အရင်းအမြစ်များ ပျိုးထောင်မွေးထုတ်ရန်၊ သုတေသနဖွံ့ဖြိုးရေးနှင့် နည်းပညာပြန့်ပွားရေးတို့ကို တက်ညီလက်ညီ ပူးပေါင်းဆောင် ရွက်သွားရန် လိုအပ်ကြောင်း တိုက်တွန်းပြောကြားသည်။

 

အစည်းအဝေးသို့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ၊ ဆက်စပ်ဝန်ကြီးဌာနများမှ တာဝန်ရှိသူများနှင့် ပြင်ပအသင်းအဖွဲ့များမှ တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးကြရာ ဆွေးနွေးကြမှုများစပ်လျဉ်း၍ ဒုတိယဝန်ကြီးက ဦးဆောင်ကော်မတီသို့ ဆက်လက်တင်ပြသွားရေး ဆောင်ရွက်ရန်နှင့် လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်