EV ဘက်ထရီ စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၃) ကျင်းပ

နေပြည်တော် စက်တင်ဘာ ၈

 

EV ဘက်ထရီ စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှုဆိုင်ရာ ဆပ်ကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေး (၁/၂၀၂၃)ကို ယနေ့တွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၌ ကျင်းပသည်။

 

အစည်းအဝေးသို့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ အမြဲတမ်းအတွင်းဝန်၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန၊ လျှပ်စစ်စွမ်းအားစီမံရေးဦးစီးဌာန၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန၊ အဆင့်မြင့်ပညာ ဦးစီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာန၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ နည်းပညာမြှင့်တင်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ မြန်မာ့မော်တော်ယာဉ် ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံ အော်တိုမိုးတစ်(ဖ)အသင်းပြည်ထောင်စု မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်မှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

 

အစည်းအဝေးတွင် ဒုတိယဝန်ကြီးက EV ဘက်ထရီများကို စနစ်တကျသုံးစွဲနိုင်ရေး၊ စွန့်ပစ်ပစ္စည်းများမှ ပြည်သူ့ ကျန်းမာရေးနှင့် နိုင်ငံ့ရေမြေသဘာဝပတ်ဝန်းကျင်အပေါ် ဆိုးကျိုးထိခိုက်မှုများ လျှော့ချနိုင်ရေးအတွက် လည်းကောင်း၊ EV ဘက်ထရီ ထုတ်လုပ်ရေးဆိုင်ရာ သယံဇာတရင်းမြစ်များသည် အကန့်အသတ်ရှိသဖြင့် အချိန်မတိုင်မီ စွန့်ပစ်ခြင်းမှ ကြိုတင်ကာကွယ်မှု (Prevention)၊ ပထမသက်တမ်းတွက် အသုံးပြုပြီးသား ဘက်ထရီဆဲလ်များကို ဒုတိယသက်တမ်းအတွက် ပြန်လည်အသုံးပြုခြင်း(Reuse)၊ ဘက်ထရီများရှိ အဖိုးတန် ကုန်ကြမ်းများကို ပြန်လည်ထိန်းသိမ်း အသုံးချခြင်း (Recycling)၊ စွမ်းအင်အတွက် ပြန်လည်ရယူထားသော ဘက်ထရီပစ္စည်းများကို အသုံးပြုခြင်း (Recovery)၊ ဘက်ထရီများရှိ အဖိုးတန်ပစ္စည်းများ လုံးဝကုန်ဆုံးချိန်မှသာ စွန့်ပစ်ခြင်း (Disposal)တို့အတွက် လုပ်ငန်းစဉ်များအလိုက် စည်းမျဉ်းစည်းကမ်းနှင့် လိုက်နာရမည့် အချက်များ (မူကြမ်း)များကို လည်းကောင်း အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီထံ တင်ပြဆောင်ရွက်သွားရန်ရှိပါကြောင်း၊ EV ဆိုင်ရာ စံချိန်စံညွှန်း ၁၈ ခုတို့ကို သတ်မှတ် ပြဌာန်းခဲ့ပြီး EV ဘက်ထရီအတွက် ၆ ခုပါဝင်ကြောင်း၊ EV Battery စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုဆိုင်ရာ သုတေသနနည်းပညာနှင့် HR ဖွံ့ဖြိုးရေးလုပ်ငန်းများ EV သုံးစွဲသူပြည်သူများ၏ လက်ဝယ်အရောက် ဘက်ထရီ သက်တမ်းကြာရှည်ခံစွာ သုံးစွဲမှုဆိုင်ရာများ၊ ဘေးကင်းစွာထိန်းသိမ်းမှုနှင့်  စွန့်ပစ်မှုဆိုင်ရာ လုပ်ငန်းစဉ်များ၊ အသိပညာဖြန့်ဝေပေးရေး လုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားသည်။

 

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)