FLEET Mauritius  Internation 2019 ပြိုင်ပွဲတွင် ချန်ပီယံ ပထမ ရွှေတံဆိပ်ဆုရယူနိုင်ခဲ့သည့် မြန်မာ့လက်ရွေးစင် ကြက်တောင်အားကစားမယ် သက်ထားသူဇာအား ရန်ကုန်လေဆိပ်တွင် ကြိုဆိုနှုတ်ဆက်

ရန်ကုန် ၁၉ ဇွန်        


    
မေရစ်သျှနိုင်ငံ၌ ဇွန် ၁၃ ရက်မှ ၁၆ ရက်အထိ FLEET Mauritius  Internation Series 2019 ကြက်တောင်ရိုက်ပြိုင်ပွဲ၌ မြန်မာ့လက်ရွေးစင် ကြက်တောင်အားကစားမယ် သက်ထားသူဇာက ချန်ပီယံဖလားနှင့် ပထမ ရွှေတံဆိပ်ဆု ရရှိပြီး ယမန်နေ့ ညနေပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိလာရာ မြန်မာနိ်ုင်ငံ ကြက်တောင်အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးအောင်ပိုင်နှင့် အမှုဆောင်များ၊ အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်)မှ တာဝန်ရှိသူများနှင့် သင်တန်းသား/သင်တန်းသူများက ကြိုဆိုနှုတ်ဆက်ကြသည်။


    
သက်ထားသူဇာသည် အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲ၌ ကစားခဲ့ရပြီး ဖိုင်နယ်အဆင့်တွင်  ကမ္ဘာ့အဆင့်(၂၄) အဆင့်ရှိတဲ့  နိုင်ငံတကာပွဲအတွေ့အကြုံများပြီး ပွဲပေါင်း(၂၂၄)ပွဲ ကစားထားရာမှ (၁၂၆)ပွဲ နိုင်ကာ (၁၁၈)ပွဲရှုံးနိမ့်ထားသည့် ဖင်လန်နိုင်ငံသူ အိုင်ရီမစ်ခီလာကို လတ်တလောကမ္ဘာ့အဆင့် (၁၃၅)မှာရှိနေပြီး ပြိုင်ပွဲ(၄၈)ပွဲ ကစားထားပြီး (၃၃)ပွဲနိုင် (၁၅)ပွဲရှုံး နိမ့်ထားသူ သက်ထားသူဇာက ယခုပြိုင်ပွဲ ဗိုလ်လုပွဲတွင် အနိုင်ရရှိပြီး ပထမဆုကို ထိုက်ထိုက်တန်တန် ရရှိခဲ့သည်။


    
အဆိုပါပြိုင်ပွဲတွင် အဆင့်သတ်မှတ်ချက်အရ သက်ထားသူဇာသည် ပထမအဆင့် ရှုံး/ထွက်ပြိုင်ပွဲမှ စတင်ယှဉ်ပြိုင်ခဲ့ရခြင်းဖြစ်သော်လည်း နောက်ဆုံးဗိုလ်လုပွဲအထိ တက်ရောက်နိုင်ခဲ့ပြီး ပထမအဆင့်ရှုံးထွက်ပွဲစဉ်တွင် မောရစ်သျှကစားမယ်ကို (၂၁-၃၊၂၁-၁၀) မှတ်ဖြင့် နှစ်ပွဲပြတ်ဖြင့်လည်းကောင်း၊ (၁၆)ယောက်တွင် မလေးရှားအားကစားမယ်ကို (၂၁-၁၉၊၂၁-၁၆)  မှတ်ဖြင့် နှစ်ပွဲပြတ်အနိုင်ရရှိပြီး ဆီးမီးဖိုင်နယ်၌ အိန္ဒိယကစားမယ် ချူကာကို ပထမပွဲငယ်တွင် (၁၃ မှတ်-၂၁ မှတ်) ဖြင့် ရှုံးနိမ့်ခဲ့သော်လည်း နောက်လက်ကျန်ပွဲများတွင် (၂၁-၁၉၊ ၂၁-၁၆) မှတ် (၂)ပွဲ (၁)ပွဲဖြင့် အနိုင်ပြန်ယူကာ ဗိုလ်လုပွဲသို့ တက်ရောက်ခဲ့ခြင်းဖြစ်သည်။


    
ဗိုလ်လုပွဲတွင် ဖင်လန်နိုင်ငံသူ ကစားမယ် အိုင်ရီမစ်ကီလာကို (၂၁-၁၀၊ ၂၁-၁၉)မှတ်ဖြင့် (၂)ပွဲပြတ်အနိုင်ရရှိကာ ပထမချန်ပီယံရွှေတံဆိပ်ဆုကို ရရှိခဲ့သည်။ ယခုချန်ပီယံဆုသည် သက်ထားသူဇာအတွက် (၄)ကြိမ်မြောက် ရရှိသည့် နိုင်ငံတကာချန်ပီယံဆုဖြစ်ကြောင်း သတင်းရရှိသည်။ 

 

သတင်းစဉ်