ဂျာမနီနိုင်ငံမှာ ကိုရိုနာ ဗိုင်းရပ်စ် ရောဂါပိုး ကာကွယ်ဆေးဟာ ဒီဇင်ဘာ ၂၇ ရက်တွင် စတင်ထိုးနှံပေးမယ်လို့ ကျန်းမာရေးဝန်ကြီးပြောကြား

၁၇ ဒီဇင်ဘာ

 

ဂျာမနီနိုင်ငံရှိ စောင့်ရှောက်ရေး ဂေဟာတွေမှာ နေထိုင်သူ အဘိုးအဘွားများအား ဒီဇင်ဘာ ၂၇ ရက်တွင် ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုး ကာကွယ်ဆေး  စတင်ထိုးနှံပေးမယ်လို့ ကျန်းမာရေးဝန်ကြီးက ဗုဒ္ဓဟူးနေ့က ကြေညာလိုက်ပါတယ်။

 

ဉရောပသမဂ္ဂ အဖွဲ့ဝင် ၂၇ နိုင်ငံမှာလည်း ကာကွယ်ဆေးကို ဒီဇင်ဘာ ၂၇ ရက်နေ့မှာ စတင်ရန် ရည်ရွယ်ကြောင်း သိရပါတယ်။

 

ဂျာမနီ ကျန်းမာရေးဝန်ကြီးရဲ့ ကြေညာချက်အရ BioNTech ထုတ်ကာကွယ်ဆေးကို ပြည်နယ် ၁၆ ခုသို့ နှစ်မကုန်ခင်မှာ ဖြန့်ချိပေးသွားမှာဖြစ်တယ်လို့ ပြည်နယ် ၁၆ ခုရဲ့ ကျန်းမာရေးဝန်ကြီးတွေက ပြောပါတယ်။

 

ဉရောပသမဂ္ဂရဲ့ အလှည့်ကျ ဉက္ကဋ္ဌအဖြစ် တာဝန်ယူထားတဲ့ ဂျာမနီနိုင်ငံက ဒီဇင်ဘာ ၂၇ ရက်နေ့မှာ အဖွဲ့ဝင်နိုင်ငံ ၂၇ နိုင်ငံမှာ  ဗိုင်းရပ်စ်ပိုး ကာကွယ်ဆေး စတင်ထိုးနှံနိုင်မယ်လို့ ပြောပါတယ်။

 

EU ကော်မရှင်အဖွဲ့ရဲ့ အကြီးအကဲ က Pfizer-BioNTech ထုတ် ကာကွယ်ဆေးကို သုံးစွဲခွင့်ရှိတာနဲ့ တစ်ပြိုင်နက် အဖွဲ့ဝင်နိုင်ငံ အားလုံး တစ်နေ့တည်း စတင်နိုင်ကြောင်း ပြောပါတယ်။

 

ပြင်သစ်ဝန်ကြီးချုပ်ကလည်း အချက်အလက်တွေနဲ့ ကိုက်ညီခဲ့မယ်ဆိုရင် ဒီဇင်ဘာလ မကုန်ခင်မှာ ကာကွယ်ဆေး ထိုးနှံရေး စတင်မယ်လို့ ပြောပါတယ်။ ကာကွယ်ဆေး ထိုးနှံချိန်ကနေ ဖေဖော်ဝါရီလအတွင်း ပြင်သစ်နိုင်ငံမှာ ကာကွယ်ဆေး အလုံး ၃.၅ သန်းကို လူပေါင်း ၁.၇ သန်းအား ထိုးနှံပေးမှာဖြစ်ကြောင်းနဲ့ ဦးစားပေး အနေနဲ့ ကျန်းမာရေး စောင့်ရှောက်ရေး လုပ်ဆောင်နေတဲ့ ဝန်ထမ်းတွေနဲ့ အသက်အရွယ်ကြီးသူတွေအား ထိုးနှံပေးမယ်လို့ သိရပါတယ်။

 

Pfizer-BioNTech ထုတ်လုပ်တဲ့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးကို အနောက်နိုင်ငံတွေထဲက ဗြိတိန်နဲ့ အမေရိကန် နိုင်ငံတွေမှာ စတင်ထိုးနှံပေးနေသလို  မက္ကဆီကိုနဲ့ ဆော်ဒီ အပါအဝင် နိုင်ငံတချို့မှာလည်း ထိုးနှံပေးနေပြီ ဖြစ်ပါတယ်။

 

MDN

ကိုးကား - AFP