ဂျာမနီနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးထိန်းချုပ်ရန် ခရစ်စမတ်ကာလအတွင်း အသွားအလာကန့်သတ်မှု ပြဋ္ဌာန်း

၁၄ ဒီဇင်ဘာ

 

ဂျာမနီနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးထိန်းချုပ်ရန် တစ်နိုင်ငံလုံးအ အသွားအလာကန့်သတ်မှု (partial lockdown) ကို ဗုဒ္ဓဟူးနေ့ကစပြီး ပြဋ္ဌာန်းထားကြောင်း၊ အရေးမကြီးတဲ့ ပစ္စည်းရောင်းတဲ့ ဆိုင်တွေနဲ့ ကျောင်းတွေကို ပိတ်ထားမှာဖြစ်ကြောင်း သိရပါတယ်။

 

အသွားအလာကန့်သတ်မှု (partial lockdown) ကို ဒီဇင်ဘာ ၁၆ ရက်နေ့က ဇန်နဝါရီ ၁၀ ရက်အထိ သတ်မှတ်ထားပြီး ကုမ္ပဏီတွေမှ အလုပ်သမားတွေကို နေအိမ်ကနေ အလုပ်လုပ်ခွင့်ပေးရန် သို့မဟုတ် ပိတ်ရက်ပေးရန် ဆော်ဩထားပါတယ်။

 

ဝန်ကြီးချုပ် မာကယ်နဲ့ ပြည်နယ် ၁၆ ခုရဲ့ ခေါင်းဆောင်တွေ တနင်္ဂနွေနေ့မှာ တွေ့ဆုံဆွေးနွေးပြီး နေအိမ်မှာနေရန် စည်းမျဉ်းနဲ့အတူ အသက် ၁၄ အောက် ကလေးငယ်တွေကလွဲပြီး လူစုဝေးခွင့်ကို ၅ ဦး အထိသာ စုဝေးခွင့်ပြုထားပါတယ်။

 

ခရစ်စမတ်နေ့မတိုင်မီ ဒီဇင်ဘာ ၂၄ ကနေ ၂၆ ရက်နေ့အထိ လူစုဝးခွင့်ကို ၉ ဦးအထိ စုဝေးခွင့် ပြုထားတာကို တွေ့ရပါတယ်။

 

အသွားအလာကန့်သတ်မှုအတွင်း အစားအစာရောင်းချတဲ့ဆိုင်မျိုး၊ အရေးကြီးပစ္စည်းရောင်းချတဲ့ ဆိုင်တွေကို ဖွင့်ခွင့်ပြုသလို ဘဏ်တွေကိုလည်း ဆက်လက်ဖွင့်ခွင့် ပေးထားပါတယ်။

 

ခရစ်စမတ်သစ်ပင် ရောင်းချခွင့်ရှိပေမယ့် နှစ်သစ်ကူးပွဲကျင်းပရေးလုပ်ခွင့် မရှိသလို မီးရှူးမီးပန်းရောင်းချခြင်းကို တားမြစ်ထားပါတယ်။

 

ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိသူ ၂၄ နာရီအတွင်း ၁၇,၈၉၁ ဦးနဲ့ သေဆုံးသူ ၂၃၅ ဦးရှိတဲ့အတွက် ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ စုစုပေါင်း ၁,၃၃၈,၄၈၃ ဦးနဲ့ သေဆုံးသူ စုစုပေါင်း ၂၂,၄၀၆  ဦးရှိကြောင်း သိရပါတယ်။

 

MDN

ကိုးကား - AFP