ဂျာမနီနိုင်ငံရှိ နျူကလီးယား လျှပ်စစ်ဓာတ်အားပေးစက်ရုံ သုံးရုံအား ပိတ်သိမ်း

ဘာလင် ဇန်နဝါရီ ၃

 

ဂျာမနီနိုင်ငံရှိ နျူကလီးယား လျှပ်စစ်ဓာတ်အားပေး စက်ရုံသုံးရုံကို ပိတ်သိမ်းခဲ့ကြောင်း တာဝန်ရှိသူများက ယနေ့ ပြောကြားသည်။

 

အဆိုပါ ပိတ်သိမ်းခဲ့သည့် နျူကလီးယား ဓာတ်အားပေး စက်ရုံသုံးရုံမှာ ဘရုစ်ဒေါ့စ်၊ ဂရူဒီ နှင့် ဂန်းဒရီမီဂန်တို့ဖြစ်ကြောင်း သိရသည်။ မိမိတို့သည် ဂျာမနီနိုင်ငံအတွင်း ရာသီဥတုနှင့် ကိုက်ညီကာ လုံခြုံစိတ်ချရ ပြီး အားကိုးအားထားပြုနိုင်သော လျှပ်စစ်ဓာတ်အားပေးလုပ်ငန်းအား ဂျာမနီနိုင်ငံ၌ ဆယ်စုနှစ်များစွာ လုပ်ကိုင်ဆောင်ရွက်ခဲ့ကြောင်း အဆိုပါနျူကလီးယား ဓာတ်အားပေးစက်ရုံများအား စတင်လည်ပတ်ခဲ့သည့် Preussen Elektra ကုမ္ပဏီမှ တာဝန်ရှိသူ ဂူဒိုနာ့စ်က ပြောကြားသည်။

 

နိုင်ငံ၏ စွမ်းအင်ကဏ္ဍကို ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် သုံးစွဲရေး ဦးတည်ဆောင်ရွက်လာသဖြင့် ယခုကဲ့သို့ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။ ဂျပန်နိုင်ငံ၌ ၂၀၁၁ ခုနှစ်အတွင်း ဖူကူရှီးမား နျူကလီးယား ဓာတ်အားပေးစက်ရုံ မတော်တဆမှုဖြစ်ပွားခဲ့ပြီးနောက် ဂျာမနီအစိုးရသည် နိုင်ငံအတွင်း နျူကလီးယားဓာတ် အားပေးလုပ်ငန်းများအား လုပ်ငန်းလည်ပတ်မှုလျှော့ချရန် ဆောင်ရွက်လာခဲ့သည်။ ဂျာမနီနိုင်ငံရှိ ကျန်ရှိ နေသေးသည့် အိုင်ဆာ-၂ ၊ အန်းလန်းနှင့် နက်ကာဝစ်သီ-၂ စသော နျူကလီးယားဓာတ်အားပေး စက်ရုံများအား ၂၀၂၂ ခုနှစ် အကုန်တွင် လုပ်ငန်းများဆောင်ရွက်ခြင်းမှ ရပ်နားမည် ဖြစ်သည်။ ၂၀၃၀ ပြည့်နှစ်၌ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ဆိုင်ရာ အရင်းအမြစ်များဖြစ်သော လေစွမ်းအင်နှင့် ဆိုလာစနစ်များဖြင့် နိုင်ငံ၏ လျှပ်စစ်ဓာတ်အားပေးကဏ္ဍ၌ ၈၀ ရာခိုင်နှုန်း သုံးစွဲသွားရန် ဂျာမနီနိုင်ငံက ရည်မှန်းထားသည်။

 

ကိုးကား-စီဂျီတီအင်န်

ဘာသာပြန်-စိုးသူရ