GACC သို့ မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်များနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေထွက်ကုန်များ စစ်ဆေးခြင်းဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကျင်းပ

နေပြည်တော်      ဇွန်      ၁၈

 

 စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စီမံကိန်းဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော မြန်မာ့လယ်ယာထွက်ကုန်များ တန်ဖိုးကွင်းဆက်ထောက်ပံ့ရေးလန်ချန်း-မဲခေါင်နိုင်ငံများနှင့် ပူးပေါင်း၍ စိုက်ပျိုးရေးဆိုင်ရာ ကုန်သွယ်မှုလွယ်ကူ ချောမွေ့စေရေး မြှင့်တင်ခြင်း စီမံကိန်းက ဖွင့်လှစ်ပို့ချသည့် အသိပညာပေးအစီအစဉ်ကို ဇွန် ၁၇ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI) အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်သည်။

 

အသိပညာပေးအစီအစဉ်သို့  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ဉက္ကဋ္ဌ ဦးအေးဝင်းနှင့် ညီနောင်အသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ် များနှင့် ဌာဆိုင်ရာတာဝန်ရှိသူများ၊ ပြည်ပသို့ လယ်ယာထွက်ကုန်များ တင်ပို့လျက်ရှိသည့် ကုမ္ပဏီ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

 

ဦးစွာ ဒုတိယဝန်ကြီးက အသိပညာပေးအစီအစဉ် ကျင်းပခြင်းအားဖြင့် ပြည်ပပို့ကုန်တိုးမြှင့်နိုင်မည် ဖြစ်သည့်အပြင် မိမိတို့နိုင်ငံ၏ အခြေခံကုန်ထုတ်လုပ်သူများဖြစ်သော တောင်သူလယ်သမားများ၊ မွေးမြူရေးသမားများအနေဖြင့် ဒေသတွင်း ထုတ်လုပ်မှုတန်ဖိုးကွင်းဆက်တွင် ပါဝင်ဆောင်ရွက် နိုင်သည့် အခွင့်အလမ်းများလည်း ပိုမိုရရှိနိုင်မည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံမှ စိုက်ပျိုးရေးကဏ္ဍ အသွင်ကူးပြောင်းရေးကို ဆောင်ရွက်ရာတွင် ထုတ်လုပ်မှုကွင်းဆက်ကိုလည်း မျှတစွာအသွင် ကူးပြောင်းရမည် ဖြစ်ကြောင်း၊ စိုက်ပျိုးထုတ်လုပ်မှုတိုင်းသည် ပြည်တွင်း၊ ပြည်ပ ဈေးကွက်အလိုအရ သာ ထုတ်လုပ်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

 

ထို့နောက် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ဉက္ကဋ္ဌနှင့် စီမံကိန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့က အသိပညာပေးအစီအစဉ် ဖွင့်လှစ်ပို့ချရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားကြသည်။

 

ယင်းနောက် သက်ဆိုင်ရာဦးစီးဌာနအလိုက် တာဝန်ရှိသူများက တရုတ်နိုင်ငံ အကောက်ခွန် အထွေထွေအုပ်ချုပ်မှု အာဏာပိုင်အဖွဲ့(GACC)၏ လမ်းညွှန်ချက်နှင့်အညီ မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ် များနှင့် လယ်ယာထွက်ကုန်ကဏ္ဍ၊ မွေးမြူ‌ရေးကဏ္ဍနှင့် ရေထွက်ကုန်ကဏ္ဍများ စစ်ဆေးခြင်းဆိုင်ရာ များကို အသိပညာပေးဆွေးနွေးကြရာ တက်ရောက်သူများက သိရှိလိုသည်များ မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားကြသည်။

 

ထို့နောက် ဒုတိယဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)