ဂျော်ဒန်နိုင်ငံသို့ လာရောက်သည့် ခရီးသည်များအား ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကန့်သတ်ချက်များဖြေလျှော့မည်   

ဖေဖော်ဝါရီ ၁၈

 

ဂျော်ဒန်နိုင်ငံတွင် ကိုဗစ်-၁၉ရောဂါဆိုင်ရာ ကန့်သတ်ချက်များကိုဖြေလျှော့သည့်အနေဖြင့် မတ် ၁ ရက်ကစတင်ကာ ဆိုက်ရောက်ခရီးသည်များအားလုံးအတွက် ပီစီအာဆေးစစ်ချက်မလိုအပ်တော့ကြောင်း ယမန်နေ့က ထုတ်ပြန်ကြေညာခဲ့သည်။

 

ကျန်းမာရေးဝန်ကြီး ဖီရတ်ဟာဝါရီနှင့်ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် ယင်းသို့ထုတ်ပြန်ကြေညာခဲ့ကြောင်း နိုင်ငံပိုင်ပီတာသတင်းအေဂျင်စီက ဖော်ပြထားသည်။

 

ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူများအနေဖြင့် ငါးရက်ကြာ သီးခြားနေထိုင်ရမည်ဖြစ်ပြီး သီခြားနေထိုင်သည့်ကာလကုန်ဆုံးပါက နောက်တစ်ကြိမ် ပီစီအာဆေးစစ်ချက်မှကင်းလွတ်မည်ဟု သိရသည်။

 

တေးဂီတဖျော်ဖြေပွဲများ၊ မင်္ဂလာပွဲများ(သို့မဟုတ်) လူစုလူဝေးပွဲများသို့လာရောက်သူများအနေဖြင့် ပီစီအာစမ်းသပ်စစ်ဆေးချက်မလိုအပ်တော့ပေ။

 

အတန်းတွင်းပညာရေးကို ဖေဖော်ဝါရီ ၂၀တွင် ပြန်လည်စတင်သွားမည်ဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသည့်ကျောင်းသားများသာ အွန်လိုင်းဖြင့်သင်ကြားရမည် ဖြစ်သည်။

 

ပြည်သူများအနေဖြင့်ကိုဗစ်ဗိုင်းရပ်စ်နှင့်၎င်း၏ဗီဇပြောင်းဗိုင်းရပ်စ်များကို ခုခံနိုင်စွမ်းတိုးမြှင့်လာစေရန် ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံကြရန်နှင့် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးဒုတိယအကြိမ်ထိုးနှံမှုခံယူပြီးသူများသည် ကာကွယ်ဆေးထိုးနှံပြီးသုံးလအထက်ကြာမြင့်ပါက တတိယအကြိမ်ကာကွယ်ဆေးထိုးနှံကြရန် ဟာဝါရီက တိုက်တွန်းပြောကြားထားသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို