ဂျီ-၂၀ ထိပ်သီးဆွေးနွေးပွဲမှာ ကုန်သွယ်ရေးဆိုင်ရာ သဘောတူညီချက် အထမြောက်အောင်မြင်မှာလား

၃၀ ဇွန်

ဂျပန်နိုင်ငံ  အိုဆာကာမြို့မှာ  ဇွန်  ၂၈  ရက်မှ  ၂၉  ရက်အထိ  နှစ်ရက်ကြာ  ကျင်းပနေတဲ့  ဂျီ-၂၀    ထိပ်သီးအစည်းအဝေးကို  တက်ရောက်လာတဲ့  ကမ္ဘာ့ခေါင်းဆောင်တွေက  အမေရိကန်သမ္မတ  ဒေါ်နယ်ထရမ့်နဲ့  တရုတ်သမ္မတ  ရှီကျင့်ဖျင်တို့ကို  ကုန်သွယ်ရေးဆိုင်ရာ သဘောတူညီချက်တစ်ရပ် ရရှိရေးဆောင်ရွက်ဖို့ တိုက်တွန်းပြောကြားလိုက်သလို တကယ်လို့သာ နှစ်နိုင်ငံကြားကုန်သွယ်ရေးဆိုင်ရာ သဘောတူညီချက်မရဘူးဆိုရင် ကမ္ဘာ့စီးပွားရေးအခြေအနေမှာ ဆိုးရွားလာနိုင်ကြောင်း သတိပေးခဲ့ပါတယ်။

အမြင်မတူတာတွေကိုဖြေရှင်း

ဂျီ-၂၀  ထိပ်သီးအစည်းအဝေးရဲ့  အလွတ်သဘော    သီးသန့်ဆွေးနွေးပွဲမှာ  ရုရှားသမ္မတ ဗလာဒီမာ ပူတင်၊ အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာ မိုဒီနဲ့ ဥရောပသမဂ္ဂကောင်စီဥက္ကဋ္ဌ  ဂျန်ကလောဒီ  ဂျန်ကာတို့ဟာ  က္ဘာ့အင်အားကြီးနှစ်နိုင်ငံကို ကုန်သွယ်ရေးဆိုင်ရာ  အမြင်မတူညီမှုကို ဖြေရှင်းဖို့    တိုက်တွန်းပြောကြားခဲ့တာဖြင့်    အလွန်ကောင်းမွန်တဲ့    ကိစ္စတစ်ခုဖြစ်ပါတယ်။  ဒီလိုမှ မဟုတ်ပါက    ကမ္ဘာ့အင်အားကြီးနှစ်နိုင်ငံကြား ကုန်သွယ်ရေးဆိုင်ရာ စစ်မက်ဖြစ်ပွားမယ့် အရိပ်အယောင်တွေ သန်းလာမှာပါ။

ကမ္ဘာ့အင်အားကြီးနှစ်နိုင်ငံကြား ကုန်သွယ်ရေးဆိုင်ရာ တင်းမာမှုကိုဆွေးနွေးရာမှာ မအောင်မြင်ဘူးဆိုတဲ့  စိုးရိမ်စိတ်တွေ  ရှိနေတဲ့အချိန်မှာ တစ်ဖက်ကလည်း သူ့ရဲ့ရိုက်ခတ်မှုဂယက်ကြောင့် အာရှမှာ  ငွေကြေးဈေးကွက်ဟာကျဆင်းလာ ပါတယ်။  အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က  လည်း တရုတ်ကုန်ပစ္စည်းတွေအပေါ် အခွန်တိုး  မြှင့်ကောက်ခံမယ်ဆိုတဲ့ နှပ်ကြောင်းပေးပြောဆို  ခြိမ်းခြောက်မှုတွေ ရှိလာပါတယ်။

အပြန်အလှန်ချေပ

အာရှ-ပစိဖိတ်ရှယ်ယာများဟာ  ဝ  ဒသမ ၃ ရာခိုင်နှုန်းအထိ ကျဆင်းလာပြီး တရုတ်နိုင်ငံရဲ့ ရှယ်ယာတန်ဖိုးတွေဟာလည်း တခြားနိုင်ငံတွေနဲ့ နှိုင်းယှဉ်ကြည့်ရင် အနည်းငယ်ကျဆင်းလာပါတယ်။  အမေရိကန်သမ္မတ  ဒေါ်နယ်ထရမ့်ဟာ ဂျီ-၂၀ ထိပ်သီးအစည်းအဝေးမတိုင်ခင်က တရုတ် နိုင်ငံဟာ ကုန်သွယ်ရေးသဘောတူညီချက်ရရှိဖို့ စိုးရိမ်ဖွယ်ကောင်းတဲ့အခြေအနေမှာ    ရှိနေပါတယ်လို့    ပြောပါတယ်။  ဘာဖြစ်လို့လဲဆိုရင်တော့ တရုတ်နိုင်ငံရဲ့ စီးပွားရေးဟာ အခြေအနေပိုဆိုး လာလို့ဖြစ်တယ်လို့  ထရမ့်က ပြောပါတယ်။

အဲဒီအပေါ်    တရုတ်သမ္မတ  ရှီကျင့်ဖျင်ကလည်း  ပြန်လည်ချေပပြောဆိုတာတွေလုပ်ခဲ့ပါတယ်။ ဘယ်လိုချေပခဲ့သလဲဆိုရင် တချို့ဖွံ့ဖြိုးပြီး  နိုင်ငံတွေဟာ ကိုယ်ကျိုးစီးပွားကာကွယ်ရေးကို ဆောင်ရွက်တာကြောင့် နောက်ဆုံးမှာ ယင်းက ကုန်သွယ်ရေးပဋိပက္ခတွေကို   ဦးတည်သွားပြီး စီးပွားရေးပိတ်ဆို့မှုတွေ      ဖြစ်လာစေတယ်လို့ ပြောပါတယ်။ ကမ္ဘာ့စီးပွားရေးကို  မတည်မငြိမ်နဲ့ ကမောက်ကမတောင်ဖြစ်စေတယ်လို့ ရှီကျင့်ဖျင် က ပြောပါတယ်။ ဒါတွေဟာ ကမ္ဘာ့ကုန်သွယ်ရေးကို    ပရမ်းပတာဖြစ်စေတယ်လို့  အိုဆာကာမှာ ရောက်နေတဲ့  တရုတ်သမ္မတရှီကျင့်ဖျင်က ဘရစ် အဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့          တရုတ်အပါအဝင် ဘရာဇီး၊    ရုရှား၊    အိန္ဒိယ၊    တောင်အာဖရိက ခေါင်းဆောင်တွေကို ပြောလိုက်ပါတယ်။

ဘယ်သူ့ဘယ်သူမှ အကျိုးမများနိုင်

ဂျပန်ဝန်ကြီးချုပ်     ရှင်ဇိုအာဘေးကလည်း ဂျီ-၂၀ ခေါင်းဆောင်တွေအနေနဲ့ ကုန်သွယ်ရေးနဲ့နိုင်ငံရေးတင်းမာမှုတွေ  မဖြစ်ပေါ်အောင်  အတူတကွလက်တွဲလုပ်ဆောင်ကြဖို့လိုကြောင်း ဂျီ-၂၀ အဖွဲ့ဝင်နိုင်ငံခေါင်းဆောင်တွေကို      ပြောလိုက်ပါတယ်။ အဲဒီလို ကုန်သွယ်ရေးနဲ့ နိုင်ငံရေးတင်းမာ မှုတွေဟာ  က္ဘာ့စီးပွားရေးဖွံ့ ဖြိုးလာမှုနဲ့ တည်ငြိမ်မှုကို ခြိမ်းခြောက်နိုင်တယ်လို့လည်း  အာဘေးက ပြောပါတယ်။

ဂျီ-၂၀    ထိပ်သီးအစည်းအဝေးကို    လက်ခံကျင်းပတဲ့  ဂျပန်နိုင်ငံဟာ  ဂျီ-၂၀  အစည်းအဝေး ကြီးကို အကြောင်းပြုပြီး  နိုင်ငံအချင်းချင်း ငြိုးမာန် ဖွဲ့မည်ကို  မလိုလားဘဲ      ရှောင်ရှားလိုတဲ့အတွက်  ဂျပန်ဝန်ကြီးချုပ်    ရှင်ဇိုအာဘေးက    ပွင့်လင်းပြီး လွတ်လပ်တဲ့စီးပွားရေးဟာ ငြိမ်းချမ်းရေးနဲ့ သာယာဝပြောရေးအတွက်    အလွန်ကိုအရေးပါကြောင်း ပြောကြားလိုက်သလို    ကုန်သွယ်ရေးမှာ  အပြန်အလှန်လက်တုံ့ပြန်နေတာက  ဘယ်သူ့ဘယ်သူမှ အကျိုးမများနိုင်ကြောင်းလည်း  ထပ်လောင်းပြော ကြားလိုက်ပါတယ်။

နားလည်စာနာပါတယ်

အမေရိကန်သမ္မတ ထရမ့်က ကုန်သွယ်ရေးမှာ မျှတမှုမရှိတဲ့ အကျိုးရလဒ်တွေနဲ့ ပတ်သက်ပြီးတော့လည်း ဂျပန်ကို  သတိပေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဂျပန်ဝန်ကြီးချုပ်    ရှင်ဇိုအာဘေးနဲ့  တွေ့ဆုံမှုမပြုခင်   အမေရိကန်သမ္မတ  ထရမ့်က  အာဘေးအား အဆွေတော်အနေနဲ့  ဂျပန်ကားကုမ္ပဏီအများ အပြားကို အမေရိကန်ပြည်ထောင်စု၊ မီချီဂန်၊ အို ဟိုင်းအိုး၊  ပင်ဆယ်ဗေးနီးယားနဲ့    မြောက်ကာရို လိုင်းနားပြည်နယ်တွေကို  စေလွှတ်ထားတယ်ဆို တာကို မိမိအနေနဲ့ နားလည်သဘောပေါက်တယ်လို့ ပြောပါတယ်။ ကားကုမ္ပဏီတွေကို အခုဆိုရင် အမေရိကန်ပြည်ထောင်စုတစ်နံတစ်လျားမှာ တည်ဆောက်မှုတွေ  ပြုလုပ်နေကြပြီဖြစ်သလို  တခြား ဂျပန်ကုမ္ပဏီတွေလည်း အလားတူပါပဲလို့ ထရမ့်က ပြောပါတယ်။

တကယ်တမ်းဆိုရင်တော့ ဒါဟာ တကယ့်ကိုပဲ ကြောက်ခမန်းလိလိ  ကိစ္စရပ်တွေပဲဖြစ်ပါတယ်။ သူတို့တွေဟာ အခုဆိုရင် အမေရိကန်ပြည်ထောင်စု ကိုဝင်လာပြီး တကယ့်စက်ရုံကြီးတွေတည်ဆောက် နေကြပြီ။ မိမိတို့ဟာ ဒီအခြေအနေနဲ့ ပတ်သက်ပြီး နားလည်စာနာပါတယ်လို့    အမေရိကန်သမ္မတ ထရမ့်က ဆက်လက်ပြောပါတယ်။

ဒါကြောင့်မို့လည်း  မိမိတို့တွေ ကုန်သွယ်ရေးအကြောင်းကို  ဆွေးနွေးနေရတာဖြစ်သလို စစ်ရေး ဆိုင်ရာကိစ္စရပ်တွေကို    ဆွေးနွေးနေရတာဖြစ်ပါတယ်။  မိမိတို့ဟာ ဂျပန်ကဝယ်ယူမည့် ကာကွယ် ရေးစစ်လက်နက်ပစ္စည်းတွေနဲ့ပတ်သက်ပြီးတော့ ဆွေးနွေးနေရတာဖြစ်ပါတယ်။ ဒါတွေကို ကျွန်တော်တို့ နားလည်ပါတယ်လို့ အမေရိကန်သမ္မတ  ထရမ့် က ပြောပါတယ်။

အတက်ဘက်သို့ဦးတည်

တကယ်တမ်းဆိုရင်တော့  အခုလို ဂျီ-၂၀ ထိပ် သီးအစည်းအဝေးမှာ အမေရိကန်နဲ့ တရုတ်နိုင်ငံ တို့ဟာ   ကုန်သွယ်ရေးဆိုင်ရာတင်းမာမှုတွေ  ဖြေလျှော့ပြီး ကုန်သွယ်ရေးသဘောတူညီချက်ရအောင် ကြိုးစားဖို့  နိုင်ငံအများအပြားက  မျှော်လင့်နေပါတယ်။ ဒါမှလည်း ကမ္ဘာ့အင်အားကြီးနှစ်နိုင်ငံကြား  ဖြစ်ပေါ်လာတဲ့  ကုန်သွယ်ရေးတင်းမာမှုရဲ့ ရိုက်ခတ် မှုတွေကို မခံရတော့မှာ ဖြစ်ပါတယ်။

သူတို့နှစ်နိုင်ငံရဲ့ ကုန်သွယ်ရေးတင်းမာမှုဟာ ကမ္ဘာ့ကုန်သွယ်ရေးအခြေအနေကို  တစ်မျိုးတစ်မည် ပြောင်းလဲသွားနိုင်စွမ်းရှိပါတယ်။ အမေရိကန်ဟာ တရုတ်ပို့ကုန်တွေအပေါ် အခွန်တိုးမြှင့်ကောက် ခံမှုတွေလုပ်ခဲ့ရာမှ တရုတ်နိုင်ငံရဲ့ ကုန်စည်တင်ပို့မှု ဈေးကွက်ဟာ ကမောက်ကမဖြစ်ခဲ့ပြီး တရုတ်ငွေ ကြေးတန်ဖိုး အနည်းငယ်ကျဆင်းခဲ့ရပါတယ်။ တစ်ဖက်မှာတော့  အမေရိကန်သမ္မတ  ဒေါ်နယ်ထရမ့်ရဲ့ ကုန်သွယ်ရေးနဲ့ ပတ်သက်တဲ့ မူဝါဒအခင်းအကျင်းကြောင့်  အမေရိကန်ဒေါ်လာဟာ  အတက်ဘက်သို့ ဦးတည်လာခဲ့ပါတယ်။

အတိုင်းထက်အလွန်ဖြစ်လာမှာလား

အမေရိကန် သမ္မတဒေါ်နယ်ထရမ့်ရဲ့ အစိုးရအဖွဲ့ဟာ  တရုတ်ပို့ကုန်တွေအပေါ်  နောက်ထပ်အခွန်တိုးမြှင့်ကောက်ခံမှုတွေ  ပြုလုပ်သွားဦးမယ်လို့လည်း   ပြောခဲ့ပါတယ်။  တရုတ်နိုင်ငံက လည်း အခုလို အမေရိကန်ရဲ့ ကုန်သွယ်ရေးအပေါ် အခွန်တိုးမြှင့်ကောက်ခံတာကစလို့ အမေရိကန်ရဲ့ ကုန်သွယ်ရေး မူဝါဒကို လုံးလုံးမကြိုက်တဲ့အတွက် လက်စားချေတုံ့ပြန်မှုတွေ   ပြုလုပ်သွားမှာဖြစ်ကြောင်း ပြန်လည်ပြောကြားခဲ့ပါတယ်။

ဘယ်လိုပဲဆိုစေ အခုတစ်ကြိမ် ဂျပန်နိုင်ငံ အိုဆာကာမှာ ကျင်းပတဲ့ ဂျီ-၂၀ ထိပ်သီးဆွေးနွေး ပွဲမှာ  ကမ္ဘာ့ခေါင်းဆောင်တွေ  တိုက်တွန်းသလို ဖြစ်လာမယ်ဆိုပါက အတိုင်းထက်အလွန်၊ တံခွန်နဲ့  ကုက္ကားဆိုသလို    နှစ်နိုင်ငံကုန်သွယ်ရေးမှာ အင်မတန်မှ  ကောင်မွန်တဲ့အခင်းအကျင်းတွေ ဖြစ်ပေါ်လာမှာ ဖြစ်ပါတယ်။ အဲဒီလိုမဟုတ်ပါက ဘူးလေးရာဖရုံဆင့်သလို  နှစ်နိုင်ငံကုန်သွယ်ရေး ပဋိပက္ခတွေကြောင့်   ကမ္ဘာ့ကုန်သွယ်ရေးဟာ မညီမျှမှုတွေ၊ တည်ငြိမ်မှုတွေ ဖြစ်လာနိုင်စရာမရှိ တော့ပါဘူး။       ။

ကိုးကား-အေအက်ဖ်ပီ
ထွန်းသစ်စ