ဂျီ-၇အဖွဲ့ကျန်းမာရေးဝန်ကြီးများ အိုမီခရွန်ဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့နေမှု ဖြေရှင်းရေး ဆွေးနွေးမည်

နိုဝင်ဘာ ၂၉

 

ဗြိတိန်အစိုးရက ကမ္ဘာတစ်ဝန်းတွင် အိုမီခရွန်ဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့နေမှု မည်သို့ကိုင်တွယ်ဖြေရှင်းရမည်ကို ဆွေးနွေးရန် ဂျီ-၇ အဖွဲ့ကျန်းမာရေးဝန်ကြီးများပါဝင်သည့် အရေးပေါ်အစည်းအဝေး တနင်္လာနေ့တွင် ပြုလုပ်မည်ဟုဆိုသည်။

 

ဗြိတိန်နိုင်ငံသည် ယခုနှစ်တွင်  ဂျီ-၇ ဥက္ကဌအဖြစ် တာဝန်ယူထားသည်။

 

ဗြိတိန်နိုင်ငံတွင် တောင်အာဖရိကမှလာသူတစ်ဦး ဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသည်ဟု ဗြိတိန်ကျန်းမာရေးအေဂျင်စီက ယမန်နေ့ကအတည်ပြုခဲ့သည်။

 

အဆိုပါ ဗီဇပြောင်းကူးစက်ခံရမှုသည် ဗြိတိန်နိုင်ငံတွင် တတိယမြောက်တွေ့ရှိခြင်းဖြစ်သည်။

 

ဒိန်းမတ်နိုင်ငံတွင် အိုမီခရွန်ကူးစက်ခံထားမှုကို ပထမဆုံးတွေ့ရှိကြောင်းကိုလည်း ကျန်းမာရေးတာဝန်ရှိသူများက ယမန်နေ့ကပြောကြားသည်။ တောင်အာဖရိကမှရောက်လာသော ခရီးသွားနှစ်ဦးသည် အိုမီခရွန်ကူးစက်ခံထားရသည်။

 

ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို