ဘာစီလိုနာအသင်းဟာ ဖေဖော်ဝါရီ ၁၆ ရက်ညပိုင်းက ဂျီရိုနာအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ စပိန်လာလီဂါပွဲစဉ် ၂၄ မှာ ဂျီရိုနာအသင်းကို ရှုံးနိမ့်ခဲ့တာကြောင့် အမှတ်ပေးဇယားထိပ် ဦးဆောင်ခွင့်နဲ့ လွဲခဲ့ရပါတယ်။
ဂျီရိုနာအသင်းနဲ့ ဘာစီလိုနာအသင်းတို့ပွဲစဉ်မှာ ပထမပိုင်းပွဲကစားချိန်အတွင်း ဘယ်အသင်းကမှ ဂိုးမသွင်းနိုင်ခဲ့ဘဲ အဝေးကွင်းကို လာရောက်ကစားခဲ့ရတဲ့ ဘာစီလိုနာအသင်းက ဒုတိယပိုင်း ပွဲကစားချိန် ၅၉ မိနစ်မှာ ကူဘာစီရဲ့သွင်းဂိုးနဲ့ ဦးဆောင်ဂိုးစတင်ရရှိခဲ့ပါတယ်။
ဒါပေမဲ့ အိမ်ရှင် ဂျီရိုနာအသင်းက ဒုတိယပိုင်းပွဲကစားချိန် ၆၁ မိနစ်မှာ လီမာကတစ်ဂိုး၊ ၈၆ မိနစ်မှာ ဘယ်လ်ထရန်ကတစ်ဂိုး သွင်းယူပေးခဲ့လို့ ဘာစီလိုနာအသင်းကို နှစ်ဂိုး-တစ်ဂိုးနဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။
ဂျီရိုနာအသင်းဟာ ဘာစီလိုနာအသင်းကို အနိုင်ရရှိခဲ့ပေမယ့် သာမန်ပွဲ ကစားချိန် မိနစ် ၉၀ အပြီး နာကျင်အချိန်ပို ကိုးမိနစ်မှာ ဂျိုးရိုကာ တိုက်ရိုက်အနီကတ်ပြထုတ်ပယ်ခံခဲ့ရလို့ ကစားသမား တစ်ယောက်လျော့နဲ့ ကစားခဲ့ရတာဖြစ်ပါတယ်။
အဲဒီပွဲစဉ်မှာ တိုက်စစ်မှူး ယာမယ် ပင်နယ်တီလွဲချော်ခဲ့ခြင်းကလည်း ဘာစီလိုနာအသင်းအတွက် အမှတ်ပေးဇယား အဆင့်(၁)နေရာ တက်လှမ်းနိုင်မယ့်အခွင့်အရေးနဲ့ လွဲချော်ခဲ့ရတဲ့ အကြောင်းရင်းတစ်ခုဖြစ်ခဲ့ပြီး လက်ရှိအချိန်မှာ အမှတ်ပေးဇယားထိပ်က ရီးယဲလ်မက်ဒရစ်အသင်းနဲ့ နှစ်မှတ်အကွာ အမှတ်ပေးဇယားအဆင့်(၂)နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။
ဂျီရိုနာအသင်းကတော့ ဘာစီလိုနာအသင်းကို အနိုင်ရရှိခဲ့တာကြောင့် လာလီဂါပွဲစဉ်(၂၄)အပြီးမှာ အမှတ်ပေးဇယားအဆင့်(၁၂)နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။
ငွေကြယ်


