ဂီတလောကနဲ့ မောင်မိုးသူ

၁၉  စက်တင်ဘာ

မောင်မိုးသူဟာ မန္တလေးမှာ အထက်တန်းကျောင်းနေ၊ မန္တလေးတက္ကသိုလ်တက်၊ မန္တလေးမှာ အိမ်ထောင်ကျပြီး သားသမီးနှစ်ယောက် ထွန်းကားခဲ့သူဖြစ်ပေမယ့်တကယ့် တကယ်အနေကြာခဲ့တာက ရန်ကုန်မှာလို့ဆိုရမှာ ဖြစ်ပါတယ်။

မန္တလေးနေစဉ် ငယ်ဘဝမှာ ဂီတလောကနဲ့ပတ်သက်မှု အလွန်နည်းပါးခဲ့ပြီး ၁၉၅၆ ခုနှစ် တက္ကသိုလ်ရောက်မှသာ ဂီတလောကနဲ့ ရင်းနှီးပတ်သက်ခဲ့ရတယ်လို့ဆိုရမယ် ထင်ပါတယ်။ မန္တလေးမှာမွေး၊ မန္တလေးမှာကြီး၊ မန္တလေး ကျောင်းမှာနေ၊ မန္တလေးမှာ အိမ်ထောင်ကျသူဖြစ်လို့ မန္တလေးဂီတလောကမှ ပညာရှင်များ၊ တီးဝိုင်းအဖွဲ့များ၊ အငြိမ့်မင်းသမီးများနဲ့ ရင်းနှီးခင်မင်ခဲ့ပါတယ်။

မန္တလေးရဲ့အထင်ရှားဆုံး မြို့မငြိမ်းတို့၊ နန်းတော်ရှေ့ဆရာတင်တို့ကို မသိ၊ မမီ ၊ မဆုံလိုက်ရပေမယ့် ဆရာငြိမ်းရဲ့ သားသမီး၊ သမက်များနဲ့ တအားရင်းနှီးခဲ့ပါတယ်။ အကြောင်းကတော့ ဆရာငြိမ်းရဲ့သမက်က မောင်မိုးသူရဲ့ အရင်းနှီးဆုံး သူငယ်ချင်း ပန်းချီဆရာ ပေါ်ဦးသက် ဖြစ်နေတာကြောင့်ပါ။ ထို့အတူ နန်းတော်ရှေ့ဆရာတင်ရဲ့သား ရွှေနန်းတင်နဲ့ ခင်မင်ရင်းနှီးပါတယ်။ ဆရာတင်ရဲ့သီချင်းများကို ရုပ်ရှင်ကားထဲမှာ ထည့်သွင်းရိုက်ကူးဖို့ ဆရာရွှေနန်းတင်ထံ ခွင့်တောင်းပြီး ရုပ်ရှင်ဇာတ်ကားများမှာ ထည့်သွင်းရိုက်ကူးခဲ့ဖူးပါတယ်။

မောင်မိုးသူရဲ့ “မှုန်နံ့သာခြယ်ကာ သပါလို့”ဇာတ်ကားမှာ အဓိကဇာတ်ဝင်သီချင်းဖြစ်တဲ့ ကျုပ်ရည်းစားနဲ့ ညားအောင်စောင့်ဦးမယ်ဆိုတဲ့ အောင်ပင်လယ်သီချင်းဟာ ဆရာတင်ရဲ့သား ရွှေနန်းတင်ထံကနေ တောင်းယူခဲ့ခြင်း ဖြစ်ပါတယ်။ ထိုနည်းတူ ဆရာတင်ရဲ့နာမည်ကျော် သီချင်းတစ်ပုဒ်ဖြစ်တဲ့ “ရွှေမိုးညို”သီချင်းကိုလည်း မောင်မိုးသူရဲ့တကယ်ချစ်ရဲ့လား ဇာတ်ကားထဲမှာ ရိုက်ကူးဖြစ်ခဲ့ပါတယ်။

အဲဒီသီချင်းမှာ “မိုးတွေကညို ဘာလိုလိုနဲ့နန်းတော်ရှေ့ကို လွမ်းရမယ့် သဏ္ဌာန်ပုံလို လွမ်းတာနဲ့ အသံကုန်ဆို... ဟို သီချင်းလေးကို ရွေးလို့ဆို ရန်ကုန်မှာ မပြတ်နေပါတယ် နတ်ပြည်ကြီးလို့ဆိုကြပါစို့ အို ပန်းခြံအတွင်း အင်္ဂလိပ် ဘင်သံတွေက နားဝင်ချို ကျုပ်တို့ဗေတိုးဗုံလောက် နားထဲမစွဲပေါင်ဗျို ပတ်ဗေတိုးဗုံ၊ ပြန်တော့မယ် မောင်တင် ပြန်တော့မယ်နဲ့ ကွမ်းခြံဘူတာရုံမှာ လက်မှတ်တောင်ဝယ်လို့ထားပေမယ့် ပုဇွန်တောင်၊ ကြည့်မြင်တိုင်သားတွေက တားပြန်သကို ပတ်ဗေတိုးဗုံ” ရွှေမိုးညိုသီချင်းကို ဇာတ်ကားထဲမှာ ရိုက်ကူးဖော်ပြခဲ့ဖူးပါတယ်။ ဆရာတင်ရဲ့ ကြံကြံဖန်ဖန် ရန်ကုန်သူ သီချင်းကိုဇာတ်ကားထဲမှာ ထည့်သွင်းရိုက်ကူးဖြစ်ခဲ့သော်လည်း ကတ္ထီပါဖိနပ်သီချင်းကို အသံသွင်းခဲ့ဖူးသော်လည်း ဇာတ်ကားထဲမှာ ထည့်သွင်းရိုက်ကူးခဲ့ခြင်း မရှိပါဘူး။ တကယ်တမ်း ထည့်သွင်းရိုက်ကူးဖြစ်တဲ့ သီချင်းရေး ဆရာနှစ်ယောက်က စန္ဒရားလှထွဋ်နဲ့ စန္ဒရားချစ်ဆွေတို့ရဲ့သီချင်းများဖြစ်ပါတယ်။

အမှတ်တရ ပန်းချီဓာတ်ပုံလေးတစ်ပုံ ဖော်ပြလိုက်ချင်တယ်။ အဲဒီဓာတ်ပုံထဲမှာ ဘယ်အစွန်ဆုံး ရပ်နေသူမှာ ဦးဝင်းဖေ၊ ထိုင်နေသူမှာ စန္ဒရားသိန်းမောင်၊ သူ့ဘေးမှာ ရပ်နေသူမှာ အောင်ကြီးမြင့်၊ ဦးထုပ်နဲ့ ထိုင်နေသူမှာ ကိုဘိုကြီး၊ ရပ်နေသူမှာ ဖိုးရွှန်း(ဆရာငြိမ်းရဲ့သား ဦးရွှန်းမြိုင်)၊ ဦးထုပ်နဲ့ ဘေးတစောင်းရပ်နေသူမှာ ပေါ်ဦးသက်ဖြစ်ပြီး ဘေးကထိုင်နေသူ နှစ်ယောက်မှာ မောင်မိုးသူနဲ့ သိန်းသန်းထွန်းတို့ ဖြစ်ပါတယ်။ အဲဒီပုံဟာ မန္တလေးခေတ်မောင်မိုးသူရဲ့ ရှားရှားပါးပါး ငယ်သူငယ်ချင်းများနဲ့ စုပြီးရိုက်ထားတဲ့ပုံဖြစ်ပါတယ်။

မန္တလေးခေတ် မောင်မိုးသူနဲ့ ရင်းနှီးတဲ့တီးဝိုင်းအဖွဲ့တွေက မြို့မ၊ သင်္ဂဟ၊ ဂီတလုလင်၊ သိင်္ဂီအစရှိတဲ့ အဖွဲ့တို့ ဖြစ်ကြပါတယ်။ မန္တလေးမြို့ရဲ့နာမည်ကျော် အနုပညာရှင်ကြီး ဓားတန်းဦးသန့်နဲ့ သိပ်မရင်းနှီးခဲ့ရသော်လည်း သူ့သားများနဲ့ ကျောင်းနေဖက်များ ဖြစ်ကြပါတယ်။ ဓားတန်းဝင်းထဲမှာနေတဲ့ မြို့မကိုပေါကမူ မောင်မိုးသူရဲ့အရင်းနှီးဆုံး မိတ်ဆွေတစ်ဦးဖြစ်ပါတယ်။ မန္တလေးရုပ်ရှင်ရဲ့ အကယ်ဒမီဓာတ်ပုံဆရာမှာ ဦးမောင်လေးနဲ့ ကိုပေါတို့ ဖြစ်ပါတယ်။

တက္ကသိုလ်ကိုကိုလေးနဲ့ မောင်မိုးသူတို့ရိုက်ကူးခဲ့တဲ့ “ရေပွက်ပမာ”နှင့် “ရန်ကုန်သားနဲ့ မန္တလေးသူ” ဇာတ်ကားများဟာ မန္တလေးရုပ်ရှင်စက်နဲ့ ရိုက်ကူးခဲ့ခြင်းဖြစ်ပါတယ်။ အဲဒီအချိန်က မြို့မကိုပေါအတွက် မောင်မိုးသူက ဇာတ်ညွှန်းတွေ ရေးသားခဲ့ပြီးနောက် ငွေငန်းဖြူရုပ်ရှင်အတွက် ဒါရိုက်တာ ကိုပေါရိုက်ကူးတဲ့ ဇာတ်ကားကို မောင်မိုးသူ လိုက်လံကူညီခဲ့ရဖူးပါတယ်။ ဆိုလိုတာက မောင်မိုးသူငယ်ဘဝ တက္ကသိုလ်ကျောင်းသားခေတ်က ရင်းနှီးရသူများမှာ ရန်ကုန်မှ ဦးမြတ်လေး၊ စန္ဒရားချစ်ဆွေ၊ ကိုလေးညွန့်တို့ ဖြစ်ကြပါတယ်။ မောင်မိုးသူရဲ့ မန္တလေး သီးခြားတက္ကသိုလ်သီချင်းကို ရေးစပ်ခဲ့သူမှာလည်း မြတ်လေး၊ စန္ဒရား ချစ်ဆွေ၊ ကိုလေးညွန့်တို့ ရေးစပ်ခဲ့ခြင်း ဖြစ်ပါတယ်။

ဦးမြတ်လေး၊ စန္ဒရားချစ်ဆွေနဲ့ ကိုလေးညွန့်တို့မှာ ရန်ကုန်တက္ကသိုလ်ရဲ့ ဂီတဆရာများဖြစ်ပြီး ရန်ကုန်တက္ကသိုလ်မှာ ခင်းကျင်းပြသခဲ့တဲ့ ဆံမြိတ်လည်းပြေ ပန်းလည်းကြွေ ဇာတ်လမ်းမှာ ဦးမြတ်လေးရဲ့ လက်ရာတစ်ခုဖြစ်ပြီး မောင်မိုးသူရဲ့ မိုးဦးပန်းစာအုပ်တိုက်က ထုတ်ဝေခဲ့ဖူးပါတယ်။ ဆိုလိုတာက ရန်ကုန်ဂီတအသိုင်းအဝိုင်းနဲ့ မောင်မိုးသူ အနုပညာလောကသို့ ရောက်ရှိချိန်တွင် ပိုမိုရင်းနှီးခဲ့တယ်ဆိုတဲ့အကြောင်းပင် ဖြစ်ပါတယ်။ မောင်မိုးသူရုပ်ရှင်လောကကို ရောက်ရှိချိန် အရင်းနှီးဆုံး အချစ်ဆုံး ဂီတဆရာကြီးမှာ စန္ဒရားလှထွဋ်ပဲ ဖြစ်ပါတယ်။ မောင်မိုးသူ ဒါရိုက်တာအဖြစ်နဲ့ ရိုက်ကူးတဲ့ ဇာတ်ကားဆယ်ကားအနက် ကိုးကားမှာ စန္ဒရားလှထွဋ်ရဲ့လက်ရာများ ဖြစ်ပါတယ်။

ရန်ကုန်ဂီတလောကမှာ မောင်မိုးသူ ရင်းနှီးချစ်ခင်ရတဲ့ ဂီတဆရာများအနက် ယခုတိုင် အသက်အကြီးဆုံးဖြစ်တဲ့ အကိုလေး (ဘိုကလေးတင့်အောင်)နဲ့ ဂီတလုလင်မောင်ကိုကိုတို့ ညီနောင်ဖြစ်ပါတယ်။ အကိုလေး (ဘိုကလေး တင့်အောင်)နဲ့ မောင်မိုးသူရင်းနှီးရပုံမှာလည်း အလွန်ပင်အမှတ်တရဖြစ်စရာ ကောင်းလှပါတယ်။ ဥက္ကဋ္ဌ အေဝမ်းဦးတင်မောင်၊ အတွင်းရေးမှူးမင်းသား ဦးရွှေဘတို့ရဲ့ရုပ်ရှင်ကောင်စီ နှစ်နှစ်သက်တမ်းတွင် ရုပ်ရှင်နဲ့ ဂီတနှစ်ဖွဲ့ပေါင်းတဲ့ ပြဇာတ်ကြီးတစ်ခု ကျိုက္ကဆံကွင်းမှာ ၁၀ ညတိုင်တိုင် ကပြခဲ့ဖူးပါတယ်။

မောင်မိုးသူက ရုပ်ရှင်ကောင်စီဘက်မှ တာဝန်ခံတစ်ဦးဖြစ်ပြီး ပြဇာတ်နဲ့ပတ်သက်လို့ လုံးဝထိစပ် ကျွမ်းဝင်ခြင်းမရှိခဲ့ပါ။ မန္တလေးစာဆိုတော်ပြဇာတ်တွေမှာ ပါဝင်ကပြခဲ့ရတဲ့ လူငယ်တစ်ဦးအဖြစ်သာ ပါဝင်ခဲ့ရသူဖြစ်ပါတယ်။ ရုပ်ရှင်နဲ့ ဂီတစုပေါင်းပြဇာတ်ကြီး ကပြရာ ဂီတဘက်မှအကိုလေး (ဘိုကလေးတင့်အောင်)က ပြဇာတ်များကို ဦးစီးဦးဆောင်ကပြရသူ ဖြစ်ပါတယ်။ အဲဒီပြဇာတ်တွင် ဆရာရွှေဒုံးဘီအောင်ရဲ့ ပြဇာတ်၊ ဆရာဦးသုခရဲ့ ပြဇာတ်များကိုလည်း ဘိုကလေးတင့်အောင်က ကြီးမှူးဇာတ်တိုက် ကပြရသူဖြစ်ရာ မောင်မိုးသူက ရုပ်ရှင်ဘက်မှ နံဘေးမှ ကူညီရသူ တစ်ဦးဖြစ်ပါတယ်။

မောင်မိုးသူ ရုပ်ရှင်မှာ တင်ဆက်တဲ့ ပြဇာတ်များကမူ အကိုလေးကသာ စီစဉ်ရတာဖြစ်ပါတယ်။ မောင်မိုးသူက ပါဝင်ကူညီရသူသာ ဖြစ်ပါတယ်။ ဘာပဲပြောပြော ရန်ကုန်ဂီတလောကမှာ ဘိုကလေးတင့်အောင်၊ ဂီတလုလင် မောင်ကိုကိုတို့ ညီနောင်နဲ့ အရင်းနှီးဆုံး မိတ်ဆွေတစ်ဦး ဖြစ်ခဲ့ရပါတယ်။ တစ်ချိန်သောအခါက ရုပ်ရှင်နောက်ခံတေးသီချင်းများ ဖွဲ့စည်းရေးစပ်ရသူ နာမည်အကြီးဆုံးဖြစ်တဲ့ ဂီတလုလင်မောင်ကိုကိုရဲ့ ရုပ်ရှင်နောက်ခံတေးသီချင်းများနဲ့ ပတ်သက်လို့ မဂ္ဂဇင်းတစ်စောင်က အင်တာဗျူးလုပ်ခွင့်ကို ဦးကိုကိုထံ ခွင့်တောင်းရာ ဦးကိုကိုက မိုးသူ မင်းလာမှ ငါပြောမယ်လို့ ပြောခဲ့လို့ဦးကိုကိုထံ မောင်မိုးသူ သွားရောက်အင်တာဗျူးဆောင်းပါးများ ရေးသားပေးခဲ့ဖူးပါတယ်။

ဦးကိုကိုနဲ့ မောင်မိုးသူတို့နှစ်ယောက် ရုပ်ရှင်နောက်ခံသီချင်းများအကြောင်း အင်တာဗျူးလုပ်ရာမှာ ဦးကိုကိုနဲ့ မောင်မိုးသူတို့ နှစ်ယောက်အင်တာဗျူးမှာ အသံဖမ်းစက်ဖြင့်ဖမ်းပြီး အင်တာဗျူးခဲ့ခြင်း ဖြစ်ပါတယ်။ ဒါကြောင့် အင်တာဗျူးကို မဂ္ဂဇင်းတိုက်မှ ပြန်လည်ကူးယူဖော်ပြရာ ဦးကိုကိုက မောင်မိုးသူကို မိုးသူဟုခေါ်လိုက်၊ သူငယ်ချင်းဟု ခေါ်လိုက်နဲ့ အဲဒီအတိုင်း ပါရှိသွားရာ စာဖတ်သူများက ဦးကိုကိုနဲ့ မောင်မိုးသူကို ရွယ်တူများဟု ထင်မှတ်ခြင်းခံခဲ့ရပါတယ်။ အကိုလေးနဲ့ ဦးကိုကိုတို့အပြင် ဂီတဝိုင်းတွေမှာ မောင်မိုးသူတစ်ယောက်ကို အမြဲပါဝင်ဖိတ်ခေါ်လေ့ရှိပါတယ်။

တကယ်က မောင်မိုးသူ ဂီတနဲ့ပတ်သက်ပြီး ဘာမျှသိနားလည်ခြင်းမဟုတ်ပါ။ သို့သော် မောင်မိုးသူရဲ့ကြွားလုံးတစ်ခုကို ဒီနေရာတွင် ဖော်ပြပါရစေ။ ကမ္ဘာကျော် တယောဆရာကြီး ယဟူဒီမနူဟင်ဟာ ကမ္ဘာကျော် ဂီတဝိဇ္ဇာဆရာကြီးဖြစ်ပြီး မောင်မိုးသူကမူ နားထောင်ဝိဇ္ဇာဖြစ်သည်ကို ကြွားလုံးထုတ်ခဲ့ဖူးပါတယ်။ ဦးကိုကိုအိမ်မှာ တစ်ကြိမ်တစ်ခါက နိုင်ငံခြားသူတစ်ဦး လာရောက်ပညာသင်ကြားနေကာ မောင်မိုးသူရောက်ရှိသွားပြီး ဆရာကိုရဲ့ မြန်မာ့ဂီတစန္ဒရားလက်သံများကို တစိုက်မတ်မတ် နားထောင်ခဲ့ရဖူးပါတယ်။

ဆရာကိုတို့အိမ်ရောက်တိုင်း ဝိုင်းဖွဲ့ကြရာမှာ မောင်မိုးသူ အမြဲပါလေ့ရှိပါတယ်။ အကိုလေး၊ ဦးကိုကို၊ ကိုလေးညွန့်တို့ စားသောက်ပွဲများမှာလည်း မောင်မိုးသူကို ဖိတ်ခေါ်လေ့ရှိပါတယ်။ သူတို့အားလုံးက မောင်မိုးသူကို ဂီတနားထောင်သူတစ်ဦးအဖြစ် အသိအမှတ်ပြုထားပုံရပါတယ်။ ထို့နောက် မောင်မိုးသူ ရုပ်ရှင်ဒါရိုက်တာဘဝမှာ အရင်းနှီးဆုံး ဂီတဆရာမှာလည်း စန္ဒရားလှထွဋ်ဖြစ်ပြီး မောင်မိုးသူရဲ့ဇာတ်ကားအားလုံးကို ဂီတမှူးအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့သူမှာလည်း စန္ဒရားလှထွဋ်ပဲ ဖြစ်ပါတယ်။ စန္ဒရားလှထွဋ်နဲ့ မောင်မိုးသူတို့ နှစ်ယောက်အကြောင်းကတော့ စာတစ်အုပ်စာတစ်ပုဒ်ရေးဖွဲ့လောက်အောင် ရှည်လျားလှပါတယ်။ ရှေ့တစ်ပတ် ဆက်ရေးပါမယ်။ ။

မောင်မိုးသူ