ဂျိုက်ပါခြေတု၏ အကျိုးများသော ခြေလှမ်းများ

 ၂၃ ဇူလိုင်
 

 

Bhagwon Mahaveer Viklang Sahayatha Samti (BMVSS) သည် မသန်စွမ်းသူတို့အတွက် ကမ္ဘာတစ်ဝန်း ခြေတုပေါင်း ၁ ဒသမ ၅၅ သန်း အခမဲ့တပ်ဆင်ပေးခဲ့သော အဖွဲ့အစည်းဖြစ်ပါသည်။ ဤအဖွဲ့အစည်း BMVSS သည် ခြေတု အခမဲ့တပ်ဆင်ပေးသော ကမ္ဘာ့အကြီးဆုံး အဖွဲ့အစည်းဖြစ်ပါသည်။ အဆိုပါ အဖွဲ့အစည်း၏ ရုံးချုပ်ကိုဂျိုက်ပါ (Jaipur) ၌ ထားရှိပြီး အိန္ဒိယနိုင်ငံအနှံ့အပြား ရုံးခွဲပေါင်း ၂၃ ခုရှိကာ ကမ္ဘာ့နိုင်ငံပေါင်း ၂၇ နိုင်ငံ၌လည်း ရုံးခွဲများ ဖွင့်လှစ်ထားရှိပါသည်။

 

BMVSS အဖွဲ့အစည်းသည် ကိုးကွယ်ရာဘာသာ၊ လူမျိုး၊ အသားအရောင်ခွဲခြားမှုမရှိ အကူအညီ ပေးသော အဖွဲ့အစည်း ဖြစ်ပါသည်။ ဂျိုက်ပါခြေတု၏ အားသာချက်သည် ဈေးမကြီးသကဲ့သို့ ထုတ်လုပ်တပ်ဆင်ရလည်း လွယ်ကူပါသည်။ မိုးရေကြောင့် ပျက်စီးခြင်းမရှိသော ခြေတုမျိုးလည်း ဖြစ်ပါသည်။ BMVSS နှင့် အမေရိကန်နိုင်ငံ Stanford တက္ကသိုလ်တို့ ပူးပေါင်းထုတ်လုပ်ခဲ့သည့် ဒူးဆစ်တု (Stanford-Jaipur knee) သည် နည်းပညာနယ်ပယ်၌ အခြေခံကျသော ပြောင်းလဲတိုးတက်မှုတစ်ရပ် ဖြစ်ပါသည်။ ဤဒူးဆစ်တုအား Time မဂ္ဂဇင်းက ၂၀ဝ၉ ခုနှစ်၏ အကောင်းဆုံးတီထွင်ဖန်တီးမှု ၅၀ အနက် တစ်ခုအဖြစ် သတ်မှတ်ဂုဏ်ပြု ဖော်ပြခဲ့ပါသည်။

 

အိန္ဒိယနိုင်ငံအစိုးရ၏ ကူညီပံ့ပိုးမှုဖြင့် BMVSS အဖွဲ့အစည်းသည် မြန်မာနိုင်ငံရှိ ဦးနု၊ ဒေါ်မြရီ ဖောင်ဒေးရှင်းဖြင့် ပူးပေါင်းလျက် အခမဲ့ခြေတုတပ်ဆင်ခြင်းကို ဆောင်ရွက်လျက်ရှိပါသည်။ ဤကဲ့သို့ ဆောင်ရွက်လျက်ရှိရာ၌ ၂၀ဝ၇ ခုနှစ် ဖေဖော်ဝါရီလတွင် ခြေတု ၃၃၀ ခန့်ကို အခမဲ့တပ်ဆင် ပေးခဲ့ပါသည်။ ယခုအခါ ဒုတိယအကြိမ်အဖြစ်မသန်စွမ်းသူ ၅၀ဝ ခန့်ကို ခြေတုများတပ်ဆင်ပေးရေးကို ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ အပြီးတိုင် မချုပ်ငြိမ်းနိုင်သေးသော ပြည်တွင်းပဋိပက္ခများ၏ ဆိုးကျိုးများနှင့်အတူ မတော်တဆ ထိခိုက်ဒဏ်ရာရရှိမှုတို့ကြောင့် ပုံစံမျိုးစုံဖြင့် မသန်စွမ်းဖြစ်မှုတို့ ဖြစ်ပေါ်လျက်ရှိပါသည်။ ၂၀၁၆ ခုနှစ်တွင် ပြုလုပ်ခဲ့သော စစ်တမ်းတစ်ခုအရ မြန်မာနိုင်ငံ၌ လူဦးရေ ၁ ဒသမ ၃ သန်းသည် မသန်စွမ်းဖြစ်လျက်ရှိပါသည်။ ဤသည်မှာ တိုင်းပြည်လူဦးရေ၏ ၂ ဒသမ ၅ ရာခိုင်နှုန်းခန့် ရှိပါသည်။ The Social Policy and Poverty Research Group ၏ လေ့လာသုံးသပ်မှုအရ မြန်မာနိုင်ငံတွင် မသန်စွမ်းဖြစ်မှုတို့က တိုင်းပြည်၏ ထုတ်ကုန်တန်ဖိုး (GDP) ၌ အမေရိကန်ဒေါ်လာ ၁ ဒသမ ၁၈ ဘီလီယံခန့်ထိ နစ်နာဆုံးရှုံးလျော့နည်း စေပါသည်။ အိန္ဒိယအစိုးရ၏ ပံ့ပိုးကူညီမှုဖြင့် မြန်မာနိုင်ငံ၌ ဆောင်ရွက်လျက်ရှိသော အခမဲ့ခြေတုတပ်ဆင်ရေး ပရဟိတလုပ်ငန်းသည် မသန်စွမ်းပြည်သူတို့၏ဘဝ အဆင်ပြေမြင့်မားရေးနှင့်အတူ တိုင်းပြည်၏ ထုတ်ကုန်တန်ဖိုး (GDP) တိုးတက်ရေးအား တစ်နည်းတစ်ဖုံ ကူညီပံ့ပိုးပေးနိုင်သောကြောင့် လေးစားစွာ ဂုဏ်ပြုကြိုဆိုပါကြောင်း တင်ပြအပ်ပါသည်။ ။