ဂါဇာဒေသမှ လူပေါင်း ၁၀၀၀ ကျော်ကို တူကီယဲနိုင်ငံက ကယ်တင်ပြီးဖြစ်

အန်ကာရာ   ဒီဇင်ဘာ   ၁၃

အစ္စရေးနှင့်ဟားမားစ်တို့ ပဋိပက္ခစတင်ဖြစ်ပွားသည့် အောက်တိုဘာ၇ ရက်မှစတင်၍ တူကီယဲနိုင်ငံသည်  လူပေါင်း ၁၀၄၇ ဦးကို ဂါဇာဒေသမှ  ကယ်တင်ပြီးဖြစ်ကြောင်း တူကီယဲနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အွန်ကူ ကီဆဲယ်လီက ပြောသည်။

ကယ်တင်လာသူများကို   ပထမဦးစွာ  အီဂျစ်နိုင်ငံမြို့တော် ကိုင်ရိုသို့ ကားဖြင့်ခေါ်ဆောင်လာပြီးနောက် တူကီယဲ နိုင်ငံသို့ လေယာဉ်ဖြင့်ခေါ်ဆောင် ခဲ့သည်ဟု ၎င်းကပြောသည်။ ဘေးလွတ်ရာသို့ပြောင်းရွှေ့ရန် စောင့်ဆိုင်း နေကြသည့် ဂါဇာဒေသမှ  တူကီယဲနိုင်ငံသားများစာရင်းကို  အချိန်နှင့် တစ်ပြေးညီ စာရင်းပြုစုနေပြီး သက်ဆိုင်ရာအာဏာပိုင်များနှင့်  ညှိနှိုင်းဆောင်ရွက်လျက်ရှိသည်ဟု  ၎င်းက ဆက်ပြောသည်။

ဂါဇာဒေသသို့ရောက်ရှိနေသည့် တူကီယဲနိုင်ငံသားများအား လုံခြုံ စိတ်ချစွာကယ်တင်မှု အပြီးသတ် လုပ်ဆောင်နိုင်ရေး ဖြစ်နိုင်သမျှမြန်မြန် လုပ်ဆောင်နေသည်ဟုလည်း ၎င်းကဆက်ပြောသည်။ အောက်တိုဘာ ၇ ရက်တွင် အစ္စရေးနိုင်ငံတောင်ပိုင်းကို ဟားမားစ်တို့ အလစ်ဝင်ရောက် တိုက်ခိုက် ခဲ့ပြီးနောက်  ပြန်လည်လက်တုံ့ပြန်သည့်အနေဖြင့်  အစ္စရေးတို့သည်   ဂါဇာကမ်းမြောင်ဒေသတွင်   ထိုးစစ်ဆင်တိုက်ခိုက်မှုများကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်လျက်ရှိသည်။  ပါလက်စတိုင်းနယ်မြေ အတွင်း ပါလက်စတိုင်းသေဆုံးသူဦးရေမှာ    ပဋိပက္ခစတင်ဖြစ်ပွားသည့်အချိန်မှ စတင်ကာ လူပေါင်း ၁၈၄၀၀ ရှိပြီဖြစ်သည်။

ဆင်ဟွာ