ဂါဇာဒေသရှိ အယ်လ်ရှီဖာဆေးရုံမှ မွေးကင်းစကလေးများကို ကယ်တင်နိုင်ခဲ့

 

ဂျေရုဆလင်၊ နိုဝင်ဘာ ၂၀

 

ဂါဇာဒေသရှိ အယ်လ်ရှီဖာဆေးရုံမှ မွေးကင်းစကလေး ၃၁ ဦးကို ကယ်တင်နိုင်ခဲ့ကြောင်း ပါလက်စတိုင်း ကြက်ခြေနီအဖွဲ့က ပြောကြားသည်။

 

၎င်းကလေးများကို ဂါဇာတောင်ပိုင်းရှိ ဆေးရုံတစ်ခုသို့ လွှဲပြောင်းပေးခဲ့ကြောင်း အဆိုပါအဖွဲ့အစည်းက ထပ်လောင်း ပြောကြားသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အယ်လ်ရှီဖာတွင် ဆေးဘက်ဆိုင်ရာဝန်ထမ်း ၂၅ ဦးနှင့် လူနာ ၃၀၀ နီးပါး ရှိနေသေးကြောင်း မှတ်ချက်ပြုပြောကြားသည်။

 

၎င်းဆေးရုံတွင် သန့်ရှင်းမှု အားနည်းခြင်းနှင့် ပဋိဇီဝဆေးများကို စနစ်ကျစွာ စီမံခန့်ခွဲမှုမပြုနိုင်ခြင်း၏ ဘေးထွက်ဆိုးကျိုးများကြောင့် ဒဏ်ရာရသူများနှင့် ဖျားနာနေသောသူများကို ကျန်းမာရေး ထိခိုက်စေကြောင်း ၎င်းက ပြောကြားသည်။ အဆိုပါ ဆေးရုံဝင်းအတွင်း ဥမင်လိုဏ်ခေါင်းတစ်ခုကို တွေ့ရှိခဲ့ကြောင်း အစ္စရေးစစ်တပ်က ပြောကြားခဲ့ပြီး အပြင်ဘက်တွင်းတစ်ခုမှ ဥမင်လိုဏ်ခေါင်းအတွင်းသို့ ဒရုန်းဖြင့် ဝင်ရောက် ရိုက်ကူးထားသည့် ဗီဒီယိုဖိုင်ကို ထုတ်လွှင့်ပြသခဲ့သည်။

 

ဟားမတ်စ်စစ်သွေးကြွများသည် ၎င်းတို့၏ လုပ်ရပ်များကို ဖုံးကွယ်ရန် ဆေးရုံကို အသုံးပြုနေပြီး ၎င်း၏ဝန်ထမ်းများနှင့် လူနာများအား လူသားဒိုင်းအဖြစ် အသုံးပြုနေကြောင်း အစ္စရေးက အခိုင်အမာပြောကြားသည်။ အစ္စရေးနိုင်ငံကို ဟားမတ်စ်အဖွဲ့ တိုက်ခိုက်သည့် နေ့ဖြစ်သည့် အောက်တိုဘာ ၇ ရက် နေ့စွဲဖြင့် ဆေးရုံအတွင်း ရိုက်ကူးထားသည့် ဗီဒီယိုကိုလည်း အစ္စရေးက ထုတ်လွှင့်ခဲ့သည်။

 

အဆိုပါဗီဒီယိုဖိုင်များတွင် နီပေါနိုင်ငံသားတစ်ဦးနှင့် ဟားမတ်စ်အဖွဲ့မှ ဓားစာခံဖမ်းဆီးထားသည့် ထိုင်းအမျိုးသား တစ်ဦးတို့ကို အယ်လ်ရှီဖာဆေးရုံသို့ ခေါ်ဆောင်လာခြင်းကို ပြသထားကြောင်း အစ္စရေးတာဝန်ရှိသူများက ပြောကြားသည်။

 

အောက်တိုဘာ ၇ ရက်မှစပြီး ဂါဇာဒေသတွင် အနည်းဆုံး လူ ၁၂၀၀၀ သေဆုံးခဲ့ပြီး ၎င်းတို့အနက် ကလေး ၅၀၀၀ နီးပါး ပါဝင်ကြောင်း ပါလက်စတိုင်း ကျန်းမာရေး အာဏာပိုင်များက ပြောကြားခဲ့ပြီး အစ္စရေးဘက်တွင်မူ ယခုအချိန်အထိ သေဆုံးသူ ၁၂၀၀ ခန့် ရှိကြောင်း သိရသည်။

 

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် - စိုးသူရ