မေ ၁၉

ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေးတို့၏ပြင်းထန်သောလေကြောင်းတိုက်ခိုက်မှုများကြောင့် အမျိုးသမီးများနှင့်ကလေးများ အပါအဝင် လူပေါင်း ၁၁၀ ထက်မနည်းသေဆုံးခဲ့ကြောင်း ပါလက်စတိုင်းသတင်းရင်းမြစ်များက ဖော်ပြထားသည်။ ဂါဇာအလယ်ပိုင်းမှ အစ္စရေးကိုဒုံးကျည်နှစ်စင်းပစ်ခတ်ခဲ့သည်ဟု အစ္စရေးတပ်မတော်ကဖော်ပြထားသည်။

ဂါဇာတောင်ပိုင်းတွင် ရွှေ့ပြောင်းနေထိုင်သူများကိုပစ်မှတ်ထားတိုက်ခိုက်မှုကြောင့် အမျိုးသမီးများနှင့်ကလေးများအပါအဝင် လူ ၄၀ သေဆုံးခဲ့ပြီး အခြားလူပေါင်းများစွာထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု အရပ်ဘက်ကာကွယ်ရေးပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။

ရွက်ဖျင်တဲများတွင် ရွှေ့ပြောင်းနေထိုင်သည့်အိမ်ထောင်စုများအိပ်ပျော်နေစဉ် လေကြောင်းတိုက်ခိုက်မှုခံခဲ့ရခြင်းဖြစ်သည်ဟု သိရသည်။

ဂါဇာအလယ်ပိုင်းတွင် ကလေးများအပါအဝင် ၁၅ ဦး သေဆုံးခဲ့ပြီး ဂါဇာမြို့အနီးတွင်  ၁၅ ဦးနှင့် ဂါဇာမြို့အရှေ့ဘက်တွင် လေးဦးသေဆုံးခဲ့သည်။ ဂါဇာမြောက်ပိုင်းတွင် အမျိုးသမီးများနှင့်ကလေးများအပါအဝင် ၃၆ ဦးထက်မနည်း သေဆုံးခဲ့သည်။

အစ္စရေးက ဟားမတ်စ်နှင့်နှစ်လကြာအပစ်အခတ်ရပ်စဲပြီးနောက် မတ်လ ၁၈ ရက်နေ့တွင် ဂါဇာဒေသကိုတိုက်ခိုက်မှုများ ပြန်လည်လုပ်ဆောင်ခဲ့သည်။ အစ္စရေးတို့၏တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း ၃၁၉၃ ဦး သေဆုံးခဲ့ပြီး ၈၉၉၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသတွင်းကျန်းမာရေးအာဏာပိုင်များက ပြောကြားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို