ဂါဇာကမ်းမြောင်ဒေသရှိ ဆေးရုံအများအပြား၌ လုပ်ငန်းများရပ်ဆိုင်း

 

ဂျေရုဆလင်၊ နိုဝင်ဘာ ၁၃

 

ဂါဇာကမ်းမြောင်ဒေသ မြောက်ပိုင်းရှိ ဆေးရုံများတွင် အစ္စရေးတို့၏တိုက်ခိုက်မှုများကြောင့် လုပ်ငန်းများရပ်ဆိုင်းခဲ့ပြီး ဆေးရုံများအတွင်းရှိ မီးစက်များ မောင်းနှင် ရန်အတွက်ပင် လောင်စာဆီပြတ်တောက်မှုများဖြစ်ခဲ့ကြောင်း ပါလက်စတိုင်း ကျန်းမာ ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အရှပ်ဖ်အယ်လ်ကွီဒရာက ပြောကြားသည်။

 

လက်ရှိအချိန်တွင် ဆေးရုံအနည်းငယ် သာ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို အကန့်အသတ်ဖြင့် ဆောင်ရွက် နေပြီး ဒေသအတွင်းရှိ အယ်ရှီဖာဆေးရုံတွင် မီးစက်လောင်စာဆီ ပြတ်တောက်မှုကြောင့် မွေးကင်းစကလေး ငါးဦးနှင့် အခြားလူနာခုနစ်ဦး သေဆုံးခဲ့ကြောင်း ၎င်းက ပြောကြားသည်။ ထို့ပြင် အချိန်မီမကုသ နိုင်ပါက ကျောက်ကပ် ရောဂါရှင်များ သေဆုံးမည့်အခြေအနေနှင့် ကြုံတွေ့နေရကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။

 

ပါလက်စတိုင်း လခြမ်းနီအသင်း (PRCS) က ဂါဇာဒေသရှိ Al-Quds ဆေးရုံသည် လောင်စာပြတ်တောက်မှုနှင့် ဓာတ်အားပြတ်တောက်မှုကြောင့် လုပ်ငန်း လည်ပတ်မှု ရပ်ဆိုင်းခဲ့ကြောင်း ပြောကြားခဲ့သည်။

 

PRCS မှ ဆေးအဖွဲ့များသည် ဆိုးရွားလှသော လူသားချင်းစာနာထောက်ထားမှု အခြေအနေများနှင့် ဆေးဘက်ဆိုင်ရာ အထောက်အပံ့များ၊ အစာနှင့်ရေများ ပြတ်လပ်မှုများကြားတွင် ဆေးဘက်ဆိုင်ရာအဖွဲ့များအား ပံ့ပိုးပေးနိုင်ရန် ကြိုးပမ်းနေကြောင်း ၎င်းအဖွဲ့က ထပ်လောင်းပြောကြားခဲ့သည်။

 

 ကိုးကား - ဆင်ဟွာ၊

ဘာသာပြန် - စိုးသူရ