ဧပြီ ၁၀
ဂါဇာကမ်းမြောင်ဒေသတွင် ယမန်နှစ် အောက်တိုဘာလက အပစ်အခတ်ရပ်စဲရေး အသက်ဝင်ပြီး ခြောက်လအတွင်း အစ္စရေးတပ်ဖွဲ့များ၏ တိုက်ခိုက်မှုများကြောင့် လူ ၇၃၀ ကျော် သေဆုံးခဲ့ကြောင်း ဂါဇာဒေသရှိ ကျန်းမာရေးတာဝန်ရှိသူများက ပြောကြားခဲ့သည်။
အစ္စရေးနှင့် အစ္စလာမ်မစ်အဖွဲ့ ဟားမတ်စ်တို့သည် အမေရိကန်ဦးဆောင်သော ငြိမ်းချမ်းရေးအစီအစဉ်အပေါ် အခြေခံ၍ ထိုနယ်မြေတွင် အပစ်အခတ်ရပ်စဲရေးကို သဘောတူညီခဲ့သည်ဟု သိရသည်။
သို့ရာတွင် ဟားမတ်စ်၏ လက်နက်ဖျက်သိမ်းရေးနှင့် အစ္စရေးစစ်တပ် ဂါဇာမှ ဆုတ်ခွာခြင်းအပါအဝင် ငြိမ်းချမ်းရေးအစီအစဉ်၏ ဒုတိယအဆင့်တွင် ကြီးကြီးမားမားတိုးတက်မှု မရှိကြောင်း ဖော်ပြထားသည်။
ကုလသမဂ္ဂက ဂါဇာသို့ ကုန်ပစ္စည်းများ ပို့ဆောင်ခြင်းကို ကန့်သတ်ထားဆဲဖြစ်ပြီး လူအများအပြားကို တဲများတွင် နေထိုင်ရန် အတင်းအကျပ်ခိုင်းစေခဲ့ကြောင်း ဖော်ပြထားသည်။
အစ္စရေးတပ်ဖွဲ့သည် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို ဟားမတ်စ်အဖွဲ့က ချိုးဖောက်သည်ဟု ဆိုကာ ရံဖန်ရံခါ တိုက်ခိုက်မှုများကို ဆက်လက်လုပ်ဆောင်နေခဲ့သည်။
ဂါဇာရှိ ကျန်းမာရေးအာဏာပိုင်များက ခြောက်လတာကာလအတွင်း သေဆုံးသူဦးရေ ၇၃၈ ဦးအထိ ရောက်ရှိသွားပြီဖြစ်ကြောင်း ယမန်နေ့ကပြောကြားခဲ့သည်။
ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို


