ဂါဇာကမ်းမြောင်ရှိ အကြီးဆုံးဆေးဘက်ဆိုင်ရာ အဆောက်အအုံအနီးရှိ ဧရိယာများကို အစ္စရေးတပ်ဖွဲ့ဝင်များက ပြင်းထန်စွာ တိုက်ခိုက်

 

ဂျေရုဆလင်၊ နိုဝင်ဘာ ၁၂

 

ဂါဇာကမ်းမြောင်ရှိ အကြီးဆုံး ဆေးဘက်ဆိုင်ရာ အဆောက်အအုံဖြစ်သည့် အယ်ရှီဖာဆေးရုံအနီးရှိ ဧရိယာများကို အစ္စရေးတပ်ဖွဲ့ဝင်များက ပြင်းထန်စွာတိုက်ခိုက်လျက်ရှိကြောင်း သိရသည်။

 

အစ္စလာမ္မစ်အဖွဲ့ ဟားမတ်စ်၏ အဓိက အမာခံနေရာသည် ဆေးရုံအောက်တွင်ရှိသည်ဟု အစ္စရေးတပ်ဖွဲ့က အခိုင်အမာဆိုသည်။ အယ်ရှီဖာနှင့် ဂါဇာစီးတီးရှိ အခြားဆေးရုံနှစ်ရုံမှ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများ၊ လူနာများနှင့် ပြည်သူများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန် သတိပေးချက်ထုတ်ပြန်ထားသည်။

 

အစ္စရေးတပ်ဖွဲ့ဝင်များက ဂါဇာစီးတီးရှိ အယ်ရှာတီဒုက္ခသည်စခန်းတွင် ဟားမတ်စ်အဖွဲ့ကို စစ်ဆင်ရေး အပြည့်အဝ ဆင်နွှဲပြီဖြစ်ကြောင်း အစ္စရေးတပ်ဖွဲ့က နိုဝင်ဘာ ၁၂ ရက်တွင် ကြေညာခဲ့သည်။

 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အယ်ရှီဖာ ဆေးရုံနှင့် ၎င်းတို့အကြား အဆက်အသွယ်များ ပြတ်တောက်သွားပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။ အဆက်အသွယ် မပြတ်တောက်မီအချိန်တွင် ဆေးရုံကို သံချပ်ကာကားများဖြင့် ဝန်းရံထားကြောင်း ကမ္ဘာ့ ကျန်းမာရေးအဖွဲ့က ဆိုသည်။

 

အယ်ရှီဖာဆေးရုံသည် လောင်စာဆီ ပြတ်လပ်နေသောကြောင့် ဆေးဘက်ဆိုင်ရာလှုပ်ရှားမှုများကို ရပ်တန့်ခဲ့ရပြီး မီးဖွားခန်းအတွင်းရှိ ကလေးငယ်များ၏ အသက်အန္တရာယ်မှာ အန္တရာယ်ရှိကြောင်း ဂါဇာကမ်းမြောင်ရှိ ကျန်းမာရေးအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြား သည်။ သို့သော် အစ္စရေးတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ရေတပ်ဗိုလ်ချုပ်ဒန်နီရယ် ဟာဂါရီက ၎င်း၏တပ်ဖွဲ့များသည် ဆေးရုံကိုတိုက်ခိုက်ခြင်း မရှိသေးကြောင်း နိုဝင်ဘာ ၁၁ ရက်က သတင်းထောက်များ ကို ပြောကြားသည်။

 

လက်ရှိတွင် အစ္စရေးတပ်ဖွဲ့က ဆေးရုံဝန်ထမ်းများနှင့် တိုက်ရိုက်ဆွေးနွေး လျက်ရှိကြောင်း ၎င်းကဆိုသည်။ ဆေးရုံ၏ ကလေးအထူးကုဌာနမှ ကလေးငယ်များကို အစ္စရေးတပ်ဖွဲ့ဝင်များ ပိုမိုလုံခြုံသော ဆေးရုံသို့ ကူညီပို့ဆောင်ပေးသွားမည် ဖြစ်ကြောင်းလည်း ၎င်းကပြောကြားခဲ့သည်။ ထို့ပြင် ဟားမတ်စ်အဖွဲ့က အမျိုးသား၊ အမျိုးသမီး၊ ကလေးများ၊ သက်ကြီး ရွယ်အိုများနှင့် ကလေးငယ်အပါအဝင် ၂၃၉ ဦးကို ဓားစာခံအဖြစ် ဖမ်းဆီးထားကြောင်း အစ္စရေးတပ်ဖွဲ့ ပြောရေးဆိုခွင့် ရှိသူ ရေတပ်ဗိုလ်ချုပ် ဒန်နီရယ် ဟာဂါရီက ဆိုသည်။

 

ကိုးကား - အင်န်အိတ်ချ်ကေ

 ဘာသာပြန် - အောင်ကျော်ကျော်