ဂါဇာကမ်းမြောင်တောင်ပိုင်းရှိ ရာဖာတွင် မြေပြင်ထိုးစစ်ဆင်မည်ဟု နေတန်ယာဟုပြောကြား

 

ဂျေရုဆလင်၊ ဖေဖော်ဝါရီ ၁၃

ဂါဇာကမ်းမြောင် တောင်ပိုင်းရှိ ရာဖာတွင် မြေပြင်ထိုးစစ်ဆင်မည်ဟု အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ပြောကြားခဲ့ကြောင်း ယနေ့အင်န်အိတ်ချ် ကေသတင်းတစ်ရပ်အရ သိရသည်။ ရာဖာတွင် ဟားမတ်စ်တို့၏ အမာခံစခန်းတစ်ခုတည်ရှိကြောင်း အစ္စရေးတပ်ဖွဲ့က ပြောကြားခဲ့သည်။ အစ္စရေးက ရာဖာကို ချေမှုန်းမည်ဟု ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။

ထိုသို့ တိုက်ခိုက်ရာတွင် အရပ်သားများအတွက် ဘေးကင်းသောလမ်းကြောင်းတစ်ခုကို ဖန်တီးပေးမည်ဟု ၎င်းက ကတိပြုခဲ့သည်။ မြေပြင်ထိုးစစ်မစတင်မီ ရာဖာမြို့မှ အရပ်သားများကို ကယ်ထုတ်ရေး ပြင်ဆင်ထားရန် အစ္စရေးစစ်တပ်အား ၎င်းကညွှန်ကြားခဲ့သည်။ ဂါဇာမြောက်ပိုင်းနှင့် အလယ်ပိုင်းတို့မှ ဒေသခံများ ထွက်ပြေးပြီးနောက် အဆိုပါမြို့သည် လူဦးရေတစ်သန်းကျော် နေထိုင်ရာနေရာ ဖြစ်လာခဲ့သည်ဟုသိရသည်။

အစ္စရေးတပ်ဖွဲ့များနှင့် ပါလက်စတိုင်း တိုက်ခိုက်ရေးသမားများကြား လွန်ခဲ့သည့်အောက်တိုဘာလက ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ၂၈၁၇၆ ဦး သေဆုံးခဲ့ကြောင်း ဂါဇာရှိ ကျန်းမာရေးတာဝန်ရှိသူများက ပြောကြားခဲ့သည်။

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် - စိုးသူရ