ဂါဇာကမ်းမြောင်တောင်ပိုင်းတွင် စစ်ဆင်မှုများ တိုးချဲ့ဆောင်ရွက်နေသည်ဟု အစ္စရေးတပ်ဖွဲ့ပြောကြား

 

 

ဂျေရုဆလင် ဒီဇင်ဘာ ၂၆

 

ဂါဇာကမ်းမြောင်တောင်ပိုင်းတွင် ၎င်းတို့၏စစ်ဆင်မှုများ တိုးချဲ့ဆောင်ရွက်နေသည်ဟု အစ္စရေးတပ်ဖွဲ့ကပြောသည်။ အစ္စရေးတပ်ဖွဲ့များသည် ဥမင်လိုဏ်ခေါင်းများကို စီးနင်းပြီး ခန်းယူနွတ်ရှိ ဟားမတ်စ်တိုက်ခိုက်ရေးသမားများကို သတ်ဖြတ်ခဲ့ကြောင်း အစ္စရေးစစ်တပ် ပြောရေးဆိုခွင့်ရှိသူ ဒန်နီရယ် ဟာဂါရီက ပြောကြားခဲ့သည်။

 

လာမည့်ရက်များအတွင်း ၎င်းစစ်ဆင်ရေးများကို တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။ ဂါဇာကမ်းမြောင်ဒေသရှိ မက်ဂါဇီဒုက္ခသည်စခန်းတွင် အစ္စရေး၏ လေကြောင်း တိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၇၀ ထက်မနည်း သေဆုံးခဲ့ကြောင်း ဂါဇာရှိ ကျန်းမာရေးအာဏာပိုင်များက ဒီဇင်ဘာ ၂၄ရက်တွင် ပြောကြားခဲ့သည်။ ပါလက်စတိုင်း လခြမ်းနီအသင်းမှ လူမှုမီဒီယာတွင် တင်ထားသော ဗီဒီယိုတစ်ခုတွင် ကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်နေပုံကို ပြသထားပြီး လူအချို့သည် အပျက်အစီးများအောက်တွင် ပိတ်မိနေသည်ဟု ယူဆရကြောင်း တာဝန်ရှိသူများက ပြောကြားသည်။ သေဆုံးသူအများစုမှာ အမျိုးသမီးများနှင့်  ကလေး ငယ်များဖြစ်ကြောင်း သိရသည်။ ကျန်းမာရေးအာဏာ ပိုင်များက ၎င်းတိုက်ခိုက်မှုကို ရှုတ်ချခဲ့ပြီး လူစည်ကားသော လူနေရပ်ကွက်တွင် သတ်ဖြတ်မှုဟု ခေါ်ဆိုခဲ့သည်။ အစ္စရေးတပ်ဖွဲ့သည် အရပ်သားများကို ထိခိုက်မှု အနည်းဆုံးဖြစ်စေရန် ဖြစ်နိုင်ခြေရှိသော ခြေလှမ်းများ လုပ်ဆောင်ခြင်းအပါအဝင် နိုင်ငံတကာဥပဒေများကို လိုက်နာဆောင်ရွက်နေကြောင်း တာဝန်ရှိသူများက ပြောကြားသည်။ ဟားမတ်စ်အဖွဲ့ကို ဆက်လက် တိုက်ခိုက်သွားမည်ဟု အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက ကတိပြုခဲ့သည်။

 

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - စိုးသူရ