The Global New Light of Myanmar နှင့် ရုရှားနိုင်ငံ SPUTNIK Information Agency တို့အကြား သတင်းအချက်အလက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ခြင်း သဘောတူစာချုပ် ချုပ်ဆိုခြင်းအခမ်းအနား ကျင်းပ

နေပြည်တော် စက်တင်ဘာ ၆

ပြန်ကြားရေးဝန်ကြီးဌာန၊ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း The Global New Light of Myanmar နှင့် ရုရှားနိုင်ငံ SPUTNIK Information Agency တို့အကြား သတင်းအချက်အလက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ခြင်း သဘောတူစာချုပ်ချုပ်ဆိုခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ Horizon Lake View ဟိုတယ်၌ ကျင်းပသည်။

သဘောတူစာချုပ်ချုပ်ဆိုပွဲသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ဒုတိယဝန်ကြီး ဦးရဲတင့်၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် စာတည်းမှူးချုပ်များ၊ SPUTNIK Information Agency အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ညွှန်ကြားရေးမှူး Mr. Vasily Pushkov နှင့် အဖွဲ့နှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

အမှာစကားပြောကြား

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက အမှာစကားပြောကြားရာ၌ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ နိုင်ငံတကာသတင်းဌာနတစ်ခုဖြစ်သည့် Rossiya Segodnya (Sputnik) နှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ အင်္ဂလိပ်သတင်းစာ The Global New Light of Myanmar တို့သည် ရုရှားနိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်မှုခိုင်မာစေရေး ရည်ရွယ်ချက်ဖြင့် သတင်းမီဒီယာကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှုတိုးတက်စေရေးအတွက် သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးကြမည်ဖြစ်ပါကြောင်း။

ရုရှားနိုင်ငံနှင့် မြန်မာနိုင်ငံ၏ သံတမန်ဆက်ဆံရေးကိုကြည့်လျှင် ၁၉၄၈ ခုနှစ် ဖေဖော်ဝါရီလ ၁၈ ရက်နေ့က စတင်ခဲ့ပြီး ယခုဆိုလျှင် (၇၅)နှစ် စိန်ရတုကိုပင် လွန်မြောက်လာခဲ့ပြီဖြစ်ပါကြောင်း၊ ဆက်သွယ်ဆက်ဆံရေး အစပြုခဲ့ချိန်မှစပြီး အစဉ်အလာကောင်းခဲ့သည့် မြန်မာ-ရုရှားဆက်ဆံရေးသည် အချိန်ကြာလာသည်နှင့်အမျှ ယုံကြည်မှု၊ အပြန်အလှန်အကျိုးရှိသော ပူးပေါင်းဆောင်ရွက်မှုများကိုအခြေခံပြီး နှစ်နိုင်ငံအကျိုးစီးပွားအတွက် မဟာဗျူဟာမြောက်ဘက်စုံဆက်ဆံရေးကို ထူထောင်လျက်ရှိသည်ကိုလည်း တွေ့မြင်ရမည်ဖြစ်ပါကြောင်း။

ဤကဲ့သို့ ဆက်ဆံရေးမျိုး ရှိရန်ဆိုသည်မှာ တစ်နိုင်ငံနှင့်တစ်နိုင်ငံအကြား စိတ်ရင်းစေတနာ မှန်ကန်စွာဆက်ဆံနိုင်မှုနှင့် မိတ်ဝတ်မပျက်ဆက်ဆံရေး၊ ပူးပေါင်းဆောင်ရွက်မှုများကို ထိန်းသိမ်းထားနိုင်လို့ပင်ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ ရုရှားနိုင်ငံနှင့် မြန်မာနိုင်ငံတို့ ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံပတ်သက်နေမှုသည် ကမ္ဘာ့ငြိမ်းချမ်းရေး၏ ပြယုဂ်တစ်ခုအဖြစ် ကမ္ဘာကြီးကို သက်သေပြနေခြင်းပင်ဖြစ်ပါကြောင်း။

မြန်မာ-ရုရှား ဆက်ဆံရေးသည် ၁၉၉၀ ပြည့်လွန်နှစ်များတွင် ပိုမိုအားကောင်းခဲ့သကဲ့သို့ ၂၀၁၁ ခုနှစ်တွင် သိသိသာသာ အရှိန်အဟုန်မြင့်လာခဲ့ပြီး ၂၀၂၁ ခုနှစ်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ရုရှားနိုင်ငံခရီးစဉ်မှစပြီး နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်မည့်အစီအစဉ်များကို ချမှတ်နိုင်ခဲ့ပါကြောင်း။

နည်းပညာလေ့လာခွင့်ရမည်

အခုကဲ့သို့ နိုင်ငံတကာအဆင့်အတန်းမီပြီး ဂုဏ်သိက္ခာရှိသည့် သတင်းအေဂျင်စီတစ်ခုနှင့် ပူးပေါင်းဆောင်ရွက်နိုင်မှုကြောင့် မြန်မာမီဒီယာသမားများအတွက် အားတစ်ခုဖြစ်စေပြီး သတင်းရေးသားတည်းဖြတ်မှုများ၊ ဓာတ်ပုံရိုက်ကူးမှု နည်းပညာတို့ကိုပါ လေ့လာခွင့်ရရှိမည်ဖြစ်ပါကြောင်း၊ စာနယ်ဇင်းအတတ် ပညာဆိုင်ရာများကို နှစ်ဖက် အပြန်အလှန်လေ့လာခွင့်ရမည်လည်း ဖြစ်ပါကြောင်း။

နိဂုံးချုပ်အနေဖြင့် ပြောကြားလိုသည်မှာ ညီရင်းအစ်ကိုတမျှဆက်ဆံရေးခိုင်မာလျက်ရှိပြီး ချစ်ကြည်ရင်းနှီးကြသည့် မြန်မာ-ရုရှားဆက်ဆံရေးကို အကြောင်းပြုပြီး ယခုစာချုပ်ချုပ်ဆိုကြ မည့် စာချုပ်ဝင်များက သတင်းပြန်ကြားရေးနယ်ပယ်ဖွံ့ဖြိုးတိုးတက်ရေး၊ ယဉ်ကျေးမှု၊ လူသားချင်းစာနာမှု၊ အားကစား၊ စီးပွားရေးနှင့်နိုင်ငံရေးဆိုင်ရာ သတင်းများရေးသားတင်ပြနိုင်ရေး၊ သတင်းစီးဆင်းမှုပိုမိုသွက်လက်ရေးနှင့် နှစ်နိုင်ငံပြည်သူများအကြား နားလည်မှု၊ ထပ်တူကျမှုတို့ရရှိစေရေး ဆိုသည့်ရည်ရွယ်ချက်များ အောင်မြင်အောင် စီမံဆောင်ရွက်နိုင်ကြပါစေကြောင်းနှင့် ရုရှား-မြန်မာ ညီရင်းအစ်ကို ဆက်ဆံရေး ထာဝရတည်မြဲပါစေ၊ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် သတင်းမီဒီယာကဏ္ဍပူးပေါင်းဆောင်ရွက်မှု အဓွန့်ရှည်ဖြစ်ထွန်းပါစေ .. ဟု ဆုမွန်ကောင်းတောင်းပါကြောင်း ပြောကြားသည်။

ထို့နောက် SPUTNIK Information Agency အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးညွှန်ကြားရေးမှူး Mr. Vasily Pushkov က နှုတ်ခွန်းဆက်စကား ပြောကြားသည်။

သဘောတူစာချုပ်

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ရှေ့မှောက်၌ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး၊ The Global New Light of Myanmar ၏ Board of Director ဥက္ကဋ္ဌ ဦးသက်ဆွေနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ SPUTNIK Information Agency အပြည် ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးညွှန်ကြားရေးမှူး Mr. Vasily Pushkov တို့က သတင်းအချက်အလက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ခြင်းသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးပြီး အပြန်အလှန်လဲလှယ်ကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် SPUTNIK Information Agency အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး ညွှန်ကြားရေးမှူးတို့က အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြသည်။

ထို့နောက် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ တေးသံရှင်များက မြန်မာ၊ ရုရှားနှင့် အင်္ဂလိပ်တေးသီချင်းများဖြင့် ဖျော်ဖြေသီဆိုကြသည်။

ယင်းနောက် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှတေးသံရှင်များအား SPUTNIK Information Agency အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး ညွှန်ကြားရေးမှူးက ဂုဏ်ပြုပန်းခြင်းကိုလည်းကောင်း၊ ပြည်ထောင်စုဝန်ကြီးက ဂုဏ်ပြုဆုငွေကို လည်းကောင်း ပေးအပ်ခဲ့ကြသည်။

ယနေ့ The Global New Light of Myanmar သတင်းစာနှင့်သတင်းအချက်အလက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ခြင်းသဘောတူ စာချုပ်ချုပ်ဆိုခဲ့သည့် SPUTNIK Information Agency ကို ရုရှားနိုင်ငံပိုင် Rossiya Segodnya (Russia Today) သတင်းဌာနက ၂၀၁၄ ခုနှစ် နိုဝင်ဘာ ၁၀ ရက်တွင် စတင်တည်ထောင်ခဲ့ပြီး ဌာနချုပ်မှာ မော်စကိုမြို့တွင် အခြေစိုက်သည်။ ထို့ပြင် ဝါရှင်တန်ဒီစီ၊ ကိုင်ရို၊ ပေကျင်း၊ ပါရီ၊ ဘာလင်၊ မက်ဒရစ်၊ မွန်တီဗီဒီယိုနှင့် ရီယိုဒီဂျ နေးယိုးမြို့တို့တွင် ဒေသဆိုင်ရာရုံးခွဲများ ဖွင့်လှစ်ထားသည်။ အဆိုပါသတင်းအေဂျင်စီဝက်ဘ်ဆိုက်ကို တစ်လလျှင် ကြည့်ရှုသူ ၆၆ သန်းကျော်ရှိသည့် သတင်းမီဒီယာတစ်ခုဖြစ်ကြောင်း သိရသည်။        

ကြည့်ရှုလေ့လာ

မွန်းလွဲပိုင်းတွင် SPUTNIK Information Agency အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး ညွှန်ကြားရေးမှူး Mr. Vasily Pushkov နှင့်အဖွဲ့သည် ပြည် ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသို့ သွားရောက်၍ ဗုဒ္ဓဥယျာဉ်တော်အတွင်းရှိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၊ ဂန္ဓကုဋိတိုက်များ၊ သဒ္ဓါဓိပတိခေါင်းလောင်းတော်၊ အဂ္ဂါဓိပတိသာသနာ့ဗိမာန်တော်ကြီးနှင့် ကျောက်စာရုံစေတီတော်များကို လှည့်လည်ကြည့်ရှုလေ့လာခဲ့ကြသည်။

သတင်းစဉ်