ဂွမြို့နယ်တွင် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်၊ သက်ဆိုင်ရာတာဝန်ရှိသူများက လိုအပ်သည်များဆောင်ရွက်ပေး

ဂွ ဇွန် ၃

 

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် ဇွန် ၃ ရက် နံနက်ပိုင်းမှ စတင်ကာ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် အခြေခံပညာဦးစီးဌာနအောက်ရှိ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ တက်ရောက် ပညာသင်ကြားလျက်ရှိကြသည်။

 

ထိုသို့ အေးချမ်းပျော်ရွှင်စွာ ကျောင်းတက်ရောက် ပညာသင်ကြားနေမှုအား အမှတ်(၂) နည်းဗျူဟာစစ်ဆေးရေးကွပ်ကဲမှုအဖွဲ့ ဗိုလ်မှူးကြီးစောနောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်ပညာရေးဌာနမှ တာဝန်ရှိသူတို့က သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများ၊ ဆရာ/ဆရာမများနှင့်အတူ လိုက်လံကြည့်ရှုအားပေးကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။ ထို့နောက် အ.ထ.က(ဂွမြို့)ရှိ မူလတန်းကလေးငယ်များအား အာဟာရဖြစ်သော အသင့်သောက် နို့ဘူးနှင့် မုန့်များဝေငှပေးသည်။

 

ဂွမြို့နယ်အတွင်း အခြေခံပညာအထက်တန်း ကျောင်းပေါင်း (၁၄၀)ကျောင်း၊ ဘုန်းတော်ကြီးသင်ကျောင်း (၁)ကျောင်း၊ ကိုယ်ပိုင်ကျောင်း (၁)ကျောင်း စုစုပေါင်း အခြေခံပညာကျောင်း (၁၄၂)ကျောင်းတွင် ကျောင်းသား/ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ တက်ရောက် ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

 

ရွှေရည်ဝင်းကျော်