ဧပြီ ၁၀

ဂါနာနိုင်ငံမြောက်ပိုင်းတွင် လှေမတော်တဆဖြစ်ပွားမှုတစ်ခုကြောင့် ခုနစ်ဦးထက်မနည်းသေဆုံးကြောင်း အတည်ပြုခဲ့ပြီး နှစ်ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ဂါနာရေကြောင်းအာဏာပိုင် (GMA) က ယမန်နေ့နှောင်းပိုင်း ထုတ်ပြန်ကြေညာချက်တစ်စောင်တွင် ပြောကြားထားသည်။

အဆိုပါမတော်တဆမှုသည် ဧပြီ ၈ ရက်နေ့ကဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဗော်လ်တာရေကန်တစ်လျှောက် ခရီးသည် ၁၄ ဦး တင်ဆောင်လာသော လှေတစ်စင်း ပါဝင်သည်ဟု ဂျီအမ်အေကဆိုသည်။

ပြင်းထန်သော ရာသီဥတုအခြေအနေများနှင့် ကြုံတွေ့ရပြီးနောက် လှေတိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်းနှင့် တာဝန်ရှိသူများနှင့် ရပ်ရွာခေါင်းဆောင်များ၏ ချက်ချင်းရှာဖွေမှုနှင့် ပြန်လည်ထူထောင်ရေး ကြိုးပမ်းမှုများကြောင့် အမျိုးသား ငါးဦးကို ကယ်ဆယ်နိုင်ခဲ့ကြောင်း ဂျီအမ်အေက ပြောကြားခဲ့သည်။

ကိုးဦး ရေနစ်သေဆုံးခဲ့သည်ဟုယူဆရသော်လည်း ဧပြီလ ၉ ရက်နေ့အထိ အမျိုးသမီးနှစ်ဦးနှင့် ကလေးငါး ဦး အပါအဝင် ရုပ်အလောင်းခုနစ်လောင်းကို ပြန်လည်ရှာဖွေတွေ့ရှိခဲ့ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

ဂါနာရေတပ်နှင့် ရေကြောင်းအာဏာပိုင်အဖွဲ့မှ ရေငုပ်သမားများသည် ကျန်ရှိနေသူနှစ်ဦးဖြစ်သော အမျိုးသမီးတစ်ဦးနှင့် ကလေးတစ်ဦးကို ဆက်လက်ရှာဖွေလျက်ရှိပြီး မတော်တဆမှုဖြစ်ပွားရသည့် အကြောင်းရင်းကိုဆုံးဖြတ်ရန် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိသည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို