ဂျွန်ဆင်လက်ထက် ဘရီးဇစ်အရေး ဘယ်လိုဆက်တွေးမလဲ

ထွန်းသစ်စ

 

ဘရီးဇစ်ပါတီခေါင်းဆောင် နိုင်ဂျယ်ဖာရက်ဂ်က ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ကို သဘောတူညီချက်မရဘဲ အီးယူမှ ဗြိတိန်ထွက်ခွာဖို့ တိုက်တွန်းလိုက်ပါတယ်။ အကယ်လို့ ပြောသလိုသာ မလုပ်ဘူးဆိုပါက သူ့ရဲ့ ကွန်ဆာဗေးတစ်ပါတီကို တိုက်ခိုက်မှုတွေ လုပ်ဆောင်သွားမယ်လို့လည်း အနည်းငယ် ခြိမ်းခြောက်ထားပါတယ်။

သန့်ရှင်းစွာနဲ့ ဘရီးဇစ်လမ်းခွဲဖို့ တိုက်တွန်း
“ကျွန်တော်တို့ ရောက်တဲ့နေရာကပဲ ဆက်သွားရမှာ ဖြစ်ပါတယ်။ ဘာသဘောတူညီချက်မှမရှိတာ အကောင်းဆုံး သဘောတူညီချက်ပဲ” လို့ နိုင်ဂျယ်ဖာရက်ဂ်က သူ့ပါတီမှာရှိတဲ့ အမတ်လောင်း ၅၀ဝ ထက်မနည်းကို ပြောကြားလိုက်ပါတယ်။
အကယ်၍ မစ္စတာဂျွန်ဆင်အနေနဲ့ နုတ်ထွက်ရေး သဘောတူညီ ချက်ရအောင် ဇွတ်အတင်း လုပ်နေမယ်ဆိုပါက လာမယ့် အထွေထွေရွေးကောက်ပွဲမှာ ကျွန်တော်တို့က လွှတ်တော်နေရာတစ်ခုချင်းစီအတွက် တိုက်ခိုက်သွားမှာ ဖြစ်တယ်လို့ လတ်တလောမှာ ကမ်းလှမ်းထားတဲ့ အီးယူမှ ခွဲထွက်ရေး သဘောတူညီချက်ကို ရည်ရွယ်လျက် သူက ပြောပါတယ်။

ဖာရက်ဂ်ဟာ ၂၀၁၆ ခုနှစ် ဗြိတိန်ရဲ့ ဘရီးဇစ်အရေးနဲ့ ပတ်သက်ပြီး နောက်ကွယ်က ဦးဆောင်မောင်းနှင်သူ တစ်ယောက်ပဲ ဖြစ်ပါတယ်။ ထို့အတူ ထွက်ခွာဖို့ သဘောတူညီချက်တွေကို ဘရပ်ဆဲလ်နဲ့ ပြင်ဆင်ညှိနှိုင်း နေတာမျိုးတွေနဲ့ ပတ်သက်ပြီး တော့လည်း သူက ဘောရစ်ဂျွန်ဆင်ကို သတိပေးမှုတွေ ပြုလုပ်နေတဲ့သူလည်း ဖြစ်ပါတယ်။ သန့်ရှင်းစွာနဲ့ ဘရီးဇစ် လမ်းခွဲဖို့ကိုလည်း သူကတိုက်တွန်းလျက် ရှိပါတယ်။

အဆိုးဆုံးရန်သူ၊ အကောင်းဆုံးမိတ်ဆွေ
အကယ်၍ ဝန်ကြီးချုပ်ဟာ သဘောတူညီချက်မရဘဲ ထွက်ခွာမယ့် နည်းလမ်းကို ရွေးချယ်ခဲ့မယ်ဆိုရင်တော့ ဘရီးဇစ်ပါတီဟာ အထွေထွေ ရွေးကောက်ပွဲတိုင်းမှာ ဂျွန်ဆင်ရဲ့ ကွန်ဆာဗေးတစ်ကို ငြိမ်းအေးပြီး ရန်မလိုတဲ့နည်းလမ်းနဲ့ ရင်ဆိုင်သွားဖို့ ပြင်ဆင်ထားပါတယ်လို့ ဖာရက်ဂ်က ပြောပါတယ်။ ဒါမှမဟုတ်ပါက ကွန်ဆာဗေးတစ်တွေဟာ အပြတ်အသတ် ချေမှုန်းခံရမှုနဲ့ ရင်ဆိုင်ရနိုင်ပါတယ်လို့ ဖာရက်ဂ်က သတိပေးလိုက်ပါတယ်။

အထွေထွေရွေးကောက်ပွဲကို အောင်နိုင်ခြေရှိဖို့ တစ်ခုတည်းသော နည်းလမ်းကတော့ ကျွန်တော်တို့ရဲ့ ထောက်ခံမှုပဲ ဖြစ်ပါတယ်လို့လည်း သူက ဆက်လက်ပြောလိုက်ပါသေးတယ်။ ဒါတင်ပဲလားဆိုတော့ မဟုတ်ပါဘူး။ ကျွန်တော်တို့ဟာ သူတို့ရဲ့ အဆိုးဆုံးရန်သူလည်း ဖြစ်လာနိုင်သလို အကောင်းဆုံးမိတ်ဆွေလည်း ဖြစ်လာနိုင်ပါတယ်လို့သူက ထပ်မံပြောကြား လိုက်ပါတယ်။

သဘောတူညီမှု မရနိုင်သေး
ဗြိတိန်နိုင်ငံရေး သမားတွေဟာ ဥရောပသမဂ္ဂက ဘယ်လိုခွဲထွက်ရမလဲဆိုတာနဲ့ ပတ်သက်ပြီး အခုအချိန်အထိ နက်နက်နဲနဲကို ကွဲပြားမှုတွေ ရှိနေပါသေးတယ်။ အခုလို ဘရီးဇစ်အရေး ခဏတာ ငြိမ်သက်နေတဲ့ အချိန်ဟာလည်း အထွေထွေရွေးကောက်ပွဲ ကျင်းပလုဆဲဆဲမှာ သံသယတွေကို ပွားများစေနိုင်ပါတယ်။

ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ရဲ့အစိုးရဟာ လွှတ်တော်မှာ အများဆုံး တစ်နေရာသာ ရရှိထားပါတယ်။ အစိုးရရဲ့ ဘရီးဇစ်အကြံ ပေး ဒေးဗစ်ဖရို့စ်ဟာ ဩဂုတ် ၂၇ ရက်မှာ ဆွေးနွေးပွဲကိစ္စနဲ့ ပတ်သက်ပြီး ဘရပ်ဆဲလ်ကို ထွက်ခွာဖို့ရှိနေချိန်မှာ ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ဟာ ဩဂုတ် ၂၆ ရက်က ဥရောပကော်မရှင်ဥက္ကဋ္ဌ ဂျန်က လောဒီဂျန်ကာကို ဖုန်းဖြင့် ဆက်သွယ် ပြောကြားထားတာမျိုး ရှိပါတယ်။
သို့သော်လည်း နှစ်ဖက်အဖွဲ့တွေအနေနဲ့ ဘယ်လိုမှ ဘရီးဇစ်အရေးနဲ့ ပတ်သက်ပြီး ယေဘုယျ သဘောတူညီမှုမျိုး မပေးနိုင်သေးတဲ့ အနေအထား ဖြစ်နေပါတယ်။

အီးယူရဲ့ ဆုံးဖြတ်ချက်မဟုတ်
ဗြိတိန်ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူက ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ရဲ့ ဖုန်းနဲ့ဆက်သွယ်ပြောဆိုမှုဟာ အပြုသဘော ဆောင်ပြီး စစ်မှန်ခိုင်မာတဲ့ သဘောကို ပြသရာရောက်ကြောင်း ပြောကြားခဲ့သော်လည်း ဘောရစ်ဂျွန်ဆင်က အရင် ဝန်ကြီးချုပ် ထရီဆာမေ ပြုလုပ်ခဲ့တဲ့ နုတ်ထွက်ဖို့ သဘောတူညီချက်ဟာ ပြောင်းလဲမှုတစ်စုံတစ်ရာ မရှိဘူးဆိုရင် အထမြောက် အောင်မြင်လာမှာ မဟုတ်ဘူးလို့ ပြောကြားလိုက်ပါတယ်။

တစ်ချိန်တည်းမှာပဲ ဥရောပကော်မရှင်က ဂျန်ကာအနေနဲ့ နုတ်ထွက်ရေးနဲ့ ပတ်သက်ပြီး အသေးစိတ် ညှိနှိုင်းမှုတွေဟာ သဘော တူညီမှု ရရှိနိုင်တယ်ဆိုတာ ပြောပြီးဖြစ်တယ်လို့လည်း ဆိုပါတယ်။ သဘောတူညီချက်မရဘဲ နုတ်ထွက်ခြင်း ဖြစ်စဉ်ဟာ ဗြိတိန်ရဲ့ ဆုံးဖြတ်ချက်သာဖြစ်ပြီး အီးယူရဲ့ ဆုံးဖြတ်ချက်မဟုတ်ကြောင်း ဥရောပကော်မရှင်က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အရေးပေါ်ကာကွယ်မှုတွေ လုပ်သွားမယ်
အချိန်တွေဟာ တဖြည်းဖြည်း နီးကပ်လာပြီဖြစ်သလို သဘော တူညီချက်မရဘဲ နုတ်ထွက်မှုမှ ကာကွယ်ဖို့ဆိုတဲ့ အစီအစဉ်ကို စွန့်လွှတ်ဖို့ အလုပ်သမားခေါင်းဆောင် ဂျရယ်မီကော်ဗျန်းဟာ အီးယူထောက်ခံသူ အတိုက်အခံခေါင်းဆောင် ငါးယောက် နဲ့လည်း တွေ့ဆုံပြီး ဖြစ်ပါတယ်။ ပေါက်ကြားလာတဲ့ တရားဝင်အစီအစဉ်မှာ သဘောတူညီချက်မရဘဲ နုတ်ထွက်တာဟာ အစားအစာ၊ လောင်စာနဲ့ ဆေးဝါး ပြတ်တောက်မှုတွေ ဖြစ်ပေါ်စေနိုင်တယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်လာပြီး နောက်မှာ ဂျရယ်မီကော်ဗျန်းဟာ အခုလို အီးယူထောက်ခံသူ ငါးယောက်နဲ့ တွေ့ဆုံခဲ့တာလည်း ဖြစ်ပါတယ်။

တွေ့ဆုံပွဲကို တက်ရောက်လာသူတွေဟာ သဘောတူညီချက်မရဘဲ နုတ်ထွက်မယ့်အရေးကနေ အရေးပေါ်ကာကွယ်မှုတွေ လုပ်ဆောင်ဖို့ အတူတကွ လက်တွေ့ကျတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို လုပ်ဆောင်ဖို့ သဘောတူခဲ့ကြပါတယ်။ သဘော တူခဲ့ကြတဲ့အထဲမှာ အယုံအကြည်မရှိ အဆိုတင်သွင်းဖို့နဲ့ ဥပဒေအတည်ပြုရေးတွေလည်း ပါဝင်လာတယ်လို့ သူတို့က ပူးတွဲ ကြေညာချက်ထဲမှာ ဖော်ပြခဲ့ကြပါတယ်။ အဲဒီကြေညာချက် ထွက်ပေါ်လာပြီးနောက်မှာ ပေါင်ငွေကြေးတန်ဖိုးဟာ ဒေါ်လာနဲ့ ယူရိုငွေကြေး တန်ဖိုးထက် သိသိသာသာ မြင့်တက်လာခဲ့ပါတယ်။

အစီအစဉ်များ ဆွေးနွေးခဲ့
ကော်ဗျန်းအနေနဲ့ လာမယ့်ရက်သတ္တပတ်ထဲမှာ ဂျွန်ဆင်အစိုးရကို အယုံအကြည်မရှိ အဆိုတင်သွင်းဖို့ တိုက်တွန်းချင် နေကြောင်း သိရပြီး အကယ်၍ အောင်မြင်ခဲ့ပါက အဲဒါက ဘရီးဇစ်အရေးစိုးရိမ်တဲ့ အစိုးရကို ဘရီးဇစ်အရေးကို ယာယီ ရွှေ့ဆိုင်းထားနိုင်ပြီး အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ လုပ်ဆောင်နိုင်မှာပဲ ဖြစ်ပါတယ်။

သို့သော်လည်း အတိုက်အခံပါတီ အစည်းအဝေးမှာတော့ ပထမဆုံးအနေနဲ့ ဘရီးဇစ်အရေး အချိန်ဆွဲထားဖို့ အီးယူကို အစိုးရ အနေနဲ့ တောင်းဆိုမှုတွေလုပ်နိုင်ဖို့ ဥပဒေတစ်ခု အတည်ပြုပေးဖို့ ကြိုးစားရမှာ ဖြစ်တယ်လို့ သဘောတူခဲ့ကြပါတယ်။ ဗြိတိန် ပါလီမန်ကို စက်တင်ဘာ ၃ ရက်မှာ ပြန်လည်ကျင်းပမှာ ဖြစ်ပါတယ်။

သို့သော်လည်း ဘရီးဇစ်ဆန့်ကျင်သူ နိုင်ငံရေးသမားများက လွန်ခဲ့တဲ့လက ဘောရစ်ဂျွန်ဆင် ဝန်ကြီးချုပ်ဖြစ်လာတဲ့ အချိန်ကတည်းက ခွဲထွက်ရေး သဘောတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ အောက်တိုဘာ ၃၁ ရက်မှာ အီးယူမှ ဗြိတိန်ခွဲထွက် နိုင်ဖို့ အစီအစဉ်များကို ဆွေးနွေးခဲ့ကြပါတယ်။

စောင့်ကြည့်ရမယ်
ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ကတော့ အီးယူခေါင်းဆောင်တွေနဲ့ သဘောတူညီချက် တစ်ရပ်ရရှိဖို့ မျှော်လင့်ထား ပါတယ်။ ရနိုင်ဖို့ အခွင့်အရေးကတော့ ၅၀-၅၀ ပါပဲလို့ ပြောကြားလိုက်ပါတယ်။ သို့သော်လည်း သူ့အနေနဲ့ ပါလီမန်ကို ရပ်ဆိုင်းဖို့တော့ အမိန့်ထုတ်ပြန်ခြင်းမျိုး မတွေ့ရသေးပါဘူး။ အကယ်၍များ သူ့အနေနဲ့ ရှေ့လာမယ့် အပတ်တွေထဲမှာ အီးယူနဲ့ သဘောတူညီချက် မရခဲ့ပါက အီးယူမှ ဗြိတိန်သဘော တူညီချက်မရဘဲ ထွက်ခွာနိုင်ဖို့ ခွင့်ပြုပေးရနိုင်ချေလည်း ရှိနေပါတယ်။ ဗြိတိန်ရဲ့ အမတ် ၆၅၀ လောက်မှာ ၁၆၀ လောက်ဟာ ပါလီမန်ဖျက်သိမ်းတာကို ဆန့်ကျင်တဲ့ ချာ့စ်ဟောက်စ် ကြေညာစာတမ်းကို လက်မှတ်ရေးထိုးထားကြပါတယ်။ ပါလီမန်ကို ဖျက်သိမ်းလိုက်တာက အခုလို အရေးကြီးကာလမှာ ဒီမိုကရေစီနဲ့မညီတဲ့ကိစ္စရပ်တွေ ဖြစ်သွားစေနိုင်သလို အကျပ်အတည်းတွေဖြစ်ကာ သမိုင်းဝင်ဖြစ်ရပ် အသွင်ပေါ်ပေါက် သွားနိုင်တယ်လို့ သိရပါတယ်။

ဗြိတိန်နိုင်ငံဟာ ၂၀၁၆ လူထုဆန္ဒခံယူပွဲမှာ အီးယူက နုတ်ထွက်ဖို့ ဆန္ဒမဲ ပေးခဲ့ကြပါတယ်။ သို့သော်လည်း အခုအချိန်အထိ အဲဒီကိစ္စဟာ ရှောရှောရှူရှူ မဖြစ်သေးပါဘူး။ အီးယူမှ ဗြိတိန်နုတ်ထွက်ဖို့ကိစ္စနဲ့ ပတ်သက်ပြီး ပါလီမန်က သုံးကြိမ်တိုင်တိုင် ပယ်ချခဲ့ပါတယ်။ အခု ဘောရစ်ဂျွန်ဆင်လက်ထက်မှာ ဘယ်လိုဆက်ဖြစ် လာဦးမလဲဆိုတာ စောင့်ကြည့်သွားရမှာ ဖြစ်ပါတယ်။   ။
ကိုးကား - အေအက်ဖ်ပီ