ဂျင်ဆင်းမြေမှာ ပန်းပိတောက်တွေဝေ

၁ စက်တင်ဘာ

“တစ်ယောက်တစ်နေရာစီဝေးရာ  ...  ပိတောက်နဲ့  ချယ်ရီမြေမှာ  ...”  သီချင်းစာသားအတိုင်း  ပိတောက်မြေအမိမြန်မာပြည်သို့  ချယ်ရီပန်းများပွင့်လန်းရာ  အရှေ့ဖျားမှ  ခရီးသွားဧည့်သည်များ လာရောက်စေရန် ယမန်နှစ်မှစ၍   အရှေ့မျှော်ဝါဒ (Look East Policy)  ကျင့်သုံးခဲ့သည် မဟုတ်ပါလား။
  
၂၀၁၈  ခုနှစ်  ဩဂုတ်လအတွင်း  ဟိုတယ်နှင့်  ခရီးသွားလာရေးဝန်ကြီးဌာန၏  ခွင့်ပြုချက်ဖြင့်  မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်က  ဦးဆောင်ကာ  ၂၀၁၈-၂၀၁၉  ခုနှစ်အတွင်း  ဂျပန်၊ ကိုရီးယား၊ တရုတ်နှင့် အာဆီယံနိုင်ငံများနှင့် ဥရောပနိုင်ငံများမှ ခရီးသွားဧည့်သည်များ မြန်မာနိုင်ငံသို့ ပိုမိုလာရောက်လည်ပတ်နိုင်စေရေးအတွက် Tourism Promotion များ လုပ်ဆောင် နိုင်ရန်အတွက် ကော်မတီ  ခြောက်ခု ဖွဲ့စည်းခဲ့ပါသည်။

စာရေးသူသည်လည်း မြန်မာ-ကိုရီးယား ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းအဖွဲ့၏ ခေါင်းဆောင်အဖြစ် တာဝန်ပေးခြင်းခံရပါသည်။ နိုင်ငံများစွာမဟုတ်ဘဲ ကိုရီးယားတစ်နိုင်ငံ တည်းကိုသာ တာဝန်ပေးခြင်းခံရသဖြင့် အနည်းငယ် စိတ်သက်သာရာရခဲ့ပြီး  ကိုရီးယားဈေးကွက်ကို  အဓိကလုပ်ဆောင်နေ သည့်  ခရီးသွားကုမ္ပဏီများအဖွဲ့ဝင်အဖြစ်  ပါဝင်နေခြင်းကလည်း  စာရေးသူအဖို့ အားအင်တစ်ခုဖြစ်ထွန်းစေခဲ့သည်။  

ဘူဆန်ခရီးသွားပွဲမှအစ

“Train To Busan” ဆိုတဲ့ နာမည်ကျော် ကိုရီးယား  ရုပ်ရှင် သွေးစုပ်ဖုတ်ကောင်ဇာတ်လမ်း  ကြည့်ခဲ့ဖူးပါသည်။   ဘူဆန်ကိုလည်း ၂၀၁၆ ခန့်က စာရေးသူ တစ်ခေါက်ရောက်ခဲ့ဖူးသည်။ ဘူဆန်သည် ရုပ်ရှင်ပွဲတော်ကျင်းပရာ၊ ရုပ်ရှင်ထုတ်လုပ်ရာ  ကိုရီးယားဟောလိဝုဒ်လို့ဆိုရင်  မမှားနိုင်ပါ။  ယခုတစ်ဖန်  ဘူဆန်နိုင်ငံတကာခရီးသွားပြပွဲ  (Busan International Travel Industry Fair) သို့  မြန်မာနိုင်ငံပြခန်း  ပြသရန်  အချိန် နှစ်ပတ်ခန့်အလိုမှာ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက မိမိတို့အဖွဲ့ထံ အကြောင်းကြားခဲ့ပါသည်။ ရသည့်အချိန်၊  ရသည့်ဘတ်ဂျက်  (အမေရိကန်ဒေါ်လာ  ၃၀ဝဝ)  နှင့်  မိမိတို့ အနေဖြင့်  တခမ်းတနား  ပြသရန်မှာ  မလွယ်ကူလှပါ။  သို့သော်  မိမိကိုယုံကြည်မှုတစ်ခုဖြင့်    တာဝန်ပေးပြီဆိုတော့လည်း ရှိသည့်အရင်းအမြစ်များဖြင့် ရအောင်ကြိုးပမ်းခဲ့ကြရာ  မြန်မာ ပြခန်းအနေဖြင့် The Best Tourism Publicity Award ဆု ရရှိခဲ့ပါသည်။

ဖြစ်မြောက်အောင်   စွမ်းဆောင်ပေးခဲ့သော  UMTA  မှ ကိုစံလှဖုန်း၊ မြန်မာ-ကိုရီးယား  ခရီးသွားဖွံ့ ဖြိုးတိုးတက်ရေး  ကော်မတီမှ အတွင်းရေးမှူး ကိုသူရိန်စိုးမြင့်တို့နှင့် နောက်တန်းမှ  ပံ့ပိုးကူညီခဲ့သူအားလုံးကို ဂုဏ်ယူစွာ ကျေးဇူးတင်မိခဲ့သည်။

ဗီဇာကင်းလွတ်ခွင့် ကြိုးပမ်းမှု

၂၀၁၈  အောက်တိုဘာလ  ၁  ရက်နေ့မှစ၍  ဂျပန်၊  ကိုရီးယား၊  မကာအို၊  ဟောင်ကောင်တို့ကို  ဗီဇာကင်းလွတ်ပေးရန်  ကိစ္စကို  ဘူဆန်ပြပွဲတွင်  စတင်အသိပေးကြေညာနိုင်ခဲ့သည်။  ဒေသခံ      ကိုရီးယားပညာတော်သင်   မြန်မာကျောင်းသား ကျောင်းသူများ၊ ဘူဆန်ရှိ မြန်မာဘုန်းကြီးကျောင်းနှင့် ဘူဆန် ရှိ မြန်မာအလုပ်သမားများက ပြပွဲတွင် လာရောက်ကူညီခဲ့သဖြင့် “မြန်မာ” ဆိုတာ ပိုသိခဲ့ပြီး သွားချင်ရင် ဗီဇာမလိုဟု ခေါင်းထဲ စွဲသွားနိုင်ရန်  ကိုရီးယားဘာသာစကားဖြင့်  သတင်းစကား  ပါးနိုင်ခဲ့သည်။

၂၀၁၈ ခုနှစ် စက်တင်ဘာလ ၁၄ ရက်နေ့မှ ၁၉ ရက်နေ့ အထိ  ဆိုးလ်မြို့တွင်  ကျင်းပခဲ့သော  Seoul UNWTO အစည်းအဝေးပွဲသို့  စာရေးသူနှင့်  ဟိုတယ်နှင့်  ခရီးသွားလာရေးဝန်ကြီးဌာနမှ  ဒုတိယညွှန်ကြားရေးမှူးချုပ်  ဦးမြင့်ထွေးတို့  တက်ရောက်ခဲ့သည်။  ထိုပွဲတွင်  ခရီးသွားလုပ်ငန်းဖိုရမ်၌  ခရီးသွားဗီဇာကင်းလွတ်ခွင့်ပြုကြောင်း      အခါအခွင့်သင့်တုန်း ကြေညာပြောဆိုနိုင်ခဲ့သည်။  ၂၀၁၇ ခုနှစ် ကိုရီးယားခရီးစဉ်  ဝင်ရောက်မှုအရေအတွက်ထက်    ၂၀၁၈  ခုနှစ်တွင်  ၉၀ ရာခိုင်နှုန်းကျော်အထိ ထူးခြားစွာ တိုးတက်လာခဲ့သည်။ ၂၀၁၉  နှစ်ဆန်းပိုင်းတွင် ၂၀၁၈ ဝင်ရောက်မှုနှင့် နှိုင်းယှဉ်လျှင် မြန်မာနိုင်ငံသို့ဝင်ရောက်မှု တစ်စတစ်စတိုးတက်လာခဲ့သည်။  

ပျမ်းမျှ လစဉ် ၉၀ ရာခိုင်နှုန်းခန့်  ဝင်ရောက်မှု တိုးတက်လာခဲ့သည်။  ထို့အတွက် ရှေ့ဆက်လုပ်ရန် လုပ်ငန်းစဉ်မှာ လမ်းပြမြေပုံကို  နှစ်ဖက်နိုင်ငံ        သံတမန်များ      ပူးပေါင်းကူညီမှုဖြင့်      ဗီဇာ ကင်းလွတ်ခွင့်ပြုသည့်နေ့မှ ကိုရီးယားနေ့  ၉-၃-၂၀၁၉ ရက်နေ့နှင့် မြန်မာညနေခင်းပြပွဲအထိ ဆက်တိုက်ကြိုးပမ်းဆောင်ရွက် မှုများမှာ မှတ်တိုင်တစ်ခုပင်တည်း။  

အောက်တိုဘာလ ၁ ရက်နေ့ အမှတ်တရများ

ရန်ကုန်မင်္ဂလာဒုံလေဆိပ်တွင်  နံနက်မိုးလင်းကတည်းက ပြည်ပဆိုက်ရောက်ခန်းမတစ်ခုလုံး ပျားပန်းခပ်မျှ လှုပ်ရှား လျက်ရှိသည်။ ကျောက်ဆည်ဆင်အကအဖွဲ့များ၊ ပန်းကုံးဖြင့်  ကြိုမည့် လှပျိုဖြူများ၊ ဌာနဆိုင်ရာအသင်းအဖွဲ့များမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့်  သံတမန်များအပါအဝင်  ခရီးသွားလုပ်ငန်း  ဝိုင်းတော်သားများဖြင့်  အထူးစည်ကားလျက်ရှိသည်။  နံနက်  ၁၀  နာရီခန့်တွင်    တရုတ်နိုင်ငံမှ    လေယာဉ်တစ်စင်း  စတင် ဆိုက်ရောက်လာပြီး  ကြိုဆိုပြီးနောက်  ဟိုတယ်နှင့်  ခရီးသွား လာရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး  ဦးဆောင်သော  တာဝန်ရှိသူများက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားကာ  ပထမဆုံးလာရောက်သော တရုတ်နိုင်ငံမှ ခရီးသွားဧည့်သည်များကို စံပယ်ပန်းကုံး၊ မြန်မာ့ရိုးရာ စောင်းကောက်လက်ဆောင်  ပစ္စည်းများဖြင့် ကြိုဆိုကြသည်။

ထိုနေ့ကား  ၂၀၁၈  ခုနှစ်  အောက်တိုဘာလ  ၁  ရက်နေ့ ကိုရီးယား၊ ဂျပန်၊ မကာအို၊ ဟောင်ကောင်တို့မှ ဧည့်သည်များ ကို  ပြည်ဝင်ခွင့်ဗီဇာကင်းလွတ်ခွင့်ပေးပြီး တရုတ်နိုင်ငံမှ ကမ္ဘာလှည့်ခရီးသည်များ ဆိုက်ရောက်ဗီဇာ စတင်ပေးအပ်သောနေ့ ဖြစ်လေသည်။

လေဆိပ်ရှိ    Aero Drone အဖွဲ့ကလည်း      လေဆိပ်စားသောက်ဆိုင်တွင်  နေ့လယ်စာဘူဖေးဖြင့်  ဧည့်ခံခဲ့သည်။  ညနေ ၃ နာရီတွင် ဂျပန်လေကြောင်း ANA ဆိုက်ရောက်ခဲ့ရာ ဂျပန်ခရီးသည် ၁၀ဝ ကျော် ဗီဇာကင်းလွတ်ခွင့် စတင်ပေးခဲ့ပြီး ဂျပန်ဒီဇိုင်းပညာရှင်၏ Myanmar BeEnchanted Masco ဇီးကွက်ရုပ်ပေးအပ်ခဲ့ပါသည်။  ည ၁၀ နာရီခန့်တွင်  ကိုရီးယားလေကြောင်းလိုင်းဖြင့် ခရီးသည် ၂၀ဝ ခန့် ပါဝင်ပြီး ဗီဇာကင်းလွတ်ခွင့်ပေးခဲ့သည်။  
  ဟိုတယ်နှင့်    ခရီးသွားလာ ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ကိုရီးယားသံအမတ်ကြီးတို့  ကိုယ်တိုင်ညဉ့်နက်သည်အထိ  လာရောက်အားပေး ကြိုဆိုခဲ့သည်။ “အမှတ်တရ အောက်တိုဘာလ ၁ ရက်” နေ့ပင် ဖြစ်ပါလေတကား။

အာဆီယံရိုးရာအစားအစာပွဲတော

၂၀၁၈  ခုနှစ်  နိုဝင်ဘာလ  ၂၈  ရက်နေ့၊  ကိုရီးယား၌ ဆောင်းဦးရွက်ကြွေ  နှင်းရနံ့လေပြည်လေအေးတိုက်ခတ်စဉ် ကာလ ဆိုးလ်မြို့သို့ တစ်ခေါက်ရောက်ခဲ့ပြန်လေပြီ။  ဒီတစ်ခေါက်တော့ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဦးအုန်းမောင်အား  ASEAN Korea Center (AKC) ၏ အတွင်းရေးမှူးချုပ်ဖြစ်သူ Mr. Lee Hyuk ၏ ဖိတ်ကြားချက်အရ ပြည်ထောင်စုဝန်ကြီးနှင့်အတူ အာဆီယံ ရိုးရာအစားအသောက်ပြပွဲ  ပြိုင်ပွဲသို့တက်ရောက်ရန်  လာခဲ့ခြင်းဖြစ်သည်။  စာရေးသူတို့အဖွဲ့  ဆိုလ်းမြို့ရှိ Lotte Hotel တွင်  တည်းခိုပြီး  ASEAN Korea Center Culinary Festival ပြခန်းနေရာသို့ ရောက်ရှိခဲ့ပါသည်။ အာဆီယံနိုင်ငံအလိုက်   ခေါက်ဆွဲအခြေခံအစားအစာ၊ အချိုပွဲ (ရိုးရာမုန့်) နှင့်   မြန်မာ့လက်ဖက်ရည်တို့ဖြင့်   ဧည့်ခံခဲ့ပါသည်။  မြန်မာပြခန်း၌ ကိုရီးယားနိုင်ငံတွင် ဖွင့်လှစ်ထားသော အင်းဝမြန်မာ စားသောက်ဆိုင်ပိုင်ရှင်  ဦးဝိုင်းနှင့်  ဒေါ်ခင်ဝင်းမြင့်တို့အဖွဲ့ကလည်း နန်းကြီးသုပ်နှင့် ရွှေကျီဆနွင်းမကင်း ချက်ပြုတ်ပြင်ဆင် ကျွေးမွေးခဲ့ပါသည်။ အာဆီယံနိုင်ငံအလိုက် ရိုးရာအကအလှများဖြင့်  ဖျော်ဖြေပေးမည့်  မြန်မာနိုင်ငံမှ  ရိုးရာအကကိုမူ  စိုးစဉ်းမျှ မတွေ့ရပါ။ မလေးရှားနှင့် ကိုရီးယားစားဖိုမှူး နှစ်ဦး အပြန်အလှန်စကားပြောကာ စင်မြင့်ထက်တွင် ၄င်းတို့နိုင်ငံ၏ ရိုးရာအစားအသောက်များအကြောင်းကို ဖော်ပြရင်း  ခရီးသွား မြှင့်တင်ရေးကို  ထိရောက်စွာပြုလုပ်နိုင်ခဲ့သည်။  ကိုရီးယား K-POP အကသာမက မြောင်ဒုံးရပ်ကွက် Nanta ဒန်အိုးခွက်ဖြင့်  အော်ပရာဖျော်ဖြေမှုများသည်လည်း  ကမ္ဘာကျော်စေခဲ့ ပါသည်။ စာရေးသူတို့အဖွဲ့   ဆိုးလ်မြို့၏  အထင်ကရနေရာ တစ်ခုဖြစ်သော  Korea House ကပွဲပဒေသာသို့ သွားရောက် ခဲ့ကြပြီး ထိုစဉ်က မြန်မာသံအမတ်ကြီး သူရသက်ဦးမောင်၏  စိတ်စေတနာဖြင့်   ကူညီဆောင်ရွက်ပေးမှုကိုလည်း   အထူး ကျေးဇူးတင်ရှိအပ်ပါသည်။

ရန်ကုန်ရောက် ကိုရီးယားနေ့

1st Korea Day 2019 ကို ကျင်းပရန်အတွက် ရန်ကုန်မြို့ရှိ  ကိုရီးယားသံရုံးနှင့်      အခြားကိုရီးယားအဖွဲ့အစည်းများနှင့် အကြိမ်ကြိမ်တွေ့ဆုံကာ နှစ်နိုင်ငံအကျိုးဖြစ်ထွန်းစေမည့် ကိစ္စရပ်များ ဆွေးနွေးခဲ့ကြရသည်။ မြန်မာ-ကိုရီးယားနှစ်နိုင်ငံ  ချစ်ကြည်ရင်းနှီးမှု    တိုးတက်လာစေရန်၊    နှစ်နိုင်ငံစီးပွားရေး  ရင်းနှီးမြှုပ်နှံမှုအခွင့်အရေးများ ပိုမိုရရှိလာစေရန်၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာစေရန်၊ ခရီးသွားလုပ်ငန်းသည် ပြည်သူတစ်ရပ်လုံးနှင့် သက်ဆိုင်သောလုပ်ငန်းဖြစ်သည်ကို  သိရှိစေရန်  ရည်ရွယ်ပြီး 1st Korea Day 2019 ကို ရန်ကုန်မြို့ Lotte Hotel တွင် မတ်လ ၉ ရက်နေ့နှင့် ၁၀ ရက် နေ့  နှစ်ရက်တာ ကျင်းပပြုလုပ်ရန် ဆုံးဖြတ်ခဲ့ကြသည်။

မြန်မာနိုင်ငံဆိုင်ရာ  ကိုရီးယားသမ္မတနိုင်ငံ  သံအမတ်ကြီး Mr. Lee Sang Hwa နှင့် သာသနာရေးနှင့် ယဉ်ကျေး မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက အဖွင့် အမှာစကားပြောကြားပြီး  မြန်မာ-ကိုရီးယားနှစ်နိုင်ငံ  ရိုးရာစည်တော်များတီးခတ်ကာ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပါသည်။  ကိုရီးယားနိုင်ငံ CoverDance ပြိုင်ပွဲတွင်  ဒုတိယဆုရရှိခဲ့သော Project K အဖွဲ့က အဖွင့်အကဖြင့် ဖျော်ဖြေတင်ဆက် ခဲ့ပြီး Ha Ha Travel Tour မှ  သမီးငယ်လေးများ၏ ကူညီမှုနှင့်အတူ   မိမိတို့ကော်မတီအတွင်းရေးမှူးအဖွဲ့တို့ကလည်း  နှစ်နိုင်ငံချစ်ကြည်ရေးအကဖြင့်  ပူးပေါင်းဖျော်ဖြေ  တင်ဆက် နိုင်ခဲ့သည်။

လူပေါင်းရာချီလာရောက်ခဲ့ပြီး  နှစ်နိုင်ငံအကြောင်း  ပိုမို သိရှိစေခဲ့သည်။  ထို့အပြင်  ကိုရီးယား-မြန်မာ  ခရီးစဉ်ဒေသ CBT လုပ်ငန်းစဉ်နှင့် Joint Promotion အလုပ်ရုံဆွေးနွေး ပွဲကိုလည်း  မွန်းလွဲပိုင်းတွင်  ဆက်လက်ဆွေးနွေးနိုင်ခဲ့သည်။   ထိုသို့ အဘက်ဘက်မှ ဝိုင်းဝန်းကူညီပေးမှုဖြင့် အဆိုပါပွဲသည်လည်း အခက်အခဲများကြားမှ အောင်မြင်ခဲ့လေသတည်း။ မိမိတို့ကော်မတီအနေဖြင့် ပထမဆုံးခြေလှမ်း စတင်နိုင်ခဲ့လေပြီ။

ကိုရီးယားရောက် မြန်မာညနေခင်း

တောင်ကိုရီးယားနိုင်ငံ  ဆိုးလ်မြို့ Coex  တွင်  ဇွန်လ  ၆ ရက်နေ့မှ  ၉ ရက်နေ့အထိ KOTFA မှ  ကျင်းပပြုလုပ်ခဲ့သော Seoul International Tourism Industry Fair2019 (SITIF) ပြပွဲသို့ စာရေးသူဦးဆောင်ပြီး ခရီးသွားလုပ်ငန်းရှင် သုံးဦး၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်မှ ဝန်ထမ်းတစ်ဦးနှင့်      မြန်မာနိုင်ငံ      ခရီးသွားလုပ်ငန်းဈေးကွက်မြှင့်တင်ရေး  အသင်းမှ    တစ်ဦးဖြင့်    သွားရောက်ပြသခဲ့ပါသည်။    အဆိုပါ ခရီးသွားပြပွဲသို့  နိုင်ငံပေါင်း    ၃၅  နိုင်ငံမှ  ခရီးသွားဆိုင်ရာ ပြခန်းပေါင်း ၁၀ဝ ကျော်နှင့် တောင်ကိုရီးယားနိုင်ငံပြည်နယ်များ ခရီးသွားဆိုင်ရာပြခန်း ၁၀ဝ  ကျော်ပါဝင်ပြသခဲ့သည်။

မြန်မာညနေခင်းအစီအစဉ်ကို  ၈-၆-၂၀၁၉ ရက်နေ့ စနေနေ့  ညနေ  ၄  နာရီမှ    ၆  နာရီအထိ COEX ခန်းမရှိ MainStage စင်မြင့်တွင် ညနေ ၄ နာရီမှ ၅ နာရီအထိ မြန်မာ့ရိုးရာ အကလေးမျိုးဖြင့်     ဖျော်ဖြေတင်ဆက်ကာ    ဖွင့်လှစ်ခဲ့ပြီး တောင်ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင် နှင့် တာဝန်ရှိသူများ၊  ဖိတ်ကြားထားသော  ကိုရီးယား၊  မြန်မာ ခရီးသွားလုပ်ငန်းရှင်များ၊ သတင်းမီဒီယာနှင့် ကိုရီးယားရောက် မြန်မာမိသားစုများ  ၂၀ဝ ခန့်တက်ရောက်ခဲ့ကြပါသည်။

ညနေ ၅ နာရီမှ ၆ နာရီအထိ မြန်မာပြခန်းတွင် ရိုးရာအစား အသောက်များဖြစ်သော အင်းလေးငါးထမင်းနယ်၊ ရှမ်းတိုဟူးကြော်၊ မန်းရွှေကျီ ငှက်ပျောသီးဆနွင်းမကင်း၊  မုံရွာမြေပဲကြော်၊  ပုဂံမန်ကျည်းတော်ဖီနှင့် Royal Myanmar Tea Mix၊ မြန်မာဘီယာတို့ကိုလည်း ကိုရီးယားတို့ အရသာကြိုက်နှစ်သက် ခဲ့ကြသည်။ ထိုသို့တည်ခင်းဧည့်ခံကျွေမွေးခဲ့ပြီး  မြန်မာတိုင်းရင်း သားရိုးရာ လက်ဆောင်များအား ပေးဝေခဲ့ပါသည်။

မြန်မာညနေခင်းကျင်းပပြီး နောက်တစ်နေ့တွင် ကိုရီးယား  ပြည်သူများအတွက် ဝင်ခွင့်ပေးသော Public Day ဖြစ်သဖြင့်  မြန်မာပြခန်းသို့  အုံးအုံးကျွတ်ကျွတ်  လာရောက်မေးမြန်းကာ  သတင်းအချက်အလက်များယူပြီး ရုပ်သံနှင့် မီဒီယာများကလည်း သတင်းအင်တာဗျူးများ ရယူကြသည်ကို တွေ့ရပါသည်။ ၉-၆-၂၀၁၉ ရက်နေ့ ညနေ ၅ နာရီတွင် မြန်မာပြခန်းအတွက် အသိအမှတ်ပြုဆုလက်ခံပေးရန် KOTFAEvent Organizer Team မှ အကြောင်းကြားလာသဖြင့် ပြခန်းပေါင်း ၁၀ဝ ကျော်ရှိပြီး နိုင်ငံပေါင်း  ၃၅ နိုင်ငံမှ ပြခန်းများအပေါ် စိစစ်ရွေးချယ်ကာ အကောင်းဆုံးယဉ်ကျေးမှု  ဖျော်ဖြေတင်ဆက်မှုဆု  ပထမ၊ ဒုတိယ၊ တတိယ  ဆုပေါင်း  ၁၂ ဆုချီးမြှင့်ရာတွင် မြန်မာနိုင်ငံ  ကိုယ်စားပြုပြခန်းမှ အကောင်းဆုံးခရီးစဉ်ဒေသမြှင့်တင်နိုင်မှု  ပြခန်း ဒုတိယကို ရရှိခဲ့ပါသည်။ ပထမဆုကို အင်ဒိုနီးရှားနိုင်ငံ (ဘာလီကျွန်း)၊    တတိယဆုကို    တာ့ခ်မင်နစ္စတန်နိုင်ငံတို့က ရရှိခဲ့ပါသည်။

ဂျင်ဆင်းမြေမှာ ပန်းပိတောက်တွေဝေ

မြန်မာညနေခင်းကျင်းပရာ မြန်မာပြည်နှင့် သင်္ကြန်အက  ဖျော်ဖြေရာတွင်    ပန်းပိတောက်များနှင့်    တန်ဆာဆင်ခဲ့ရာ  ဂျင်ဆင်းမြေမှ  ကိုရီးယားတို့အတွက်  အထူးတဆန်းဖြစ်စေခဲ့သည်။ မြန်မာ့ရိုးရာအစားအသောက်များလည်း နှစ်သက်ခဲ့ပြီး  ကိုရီးယားနာမည်ကြီးရုပ်သံများတွင်လည်း မြန်မာအကြောင်း  သတင်းမွှေးခဲ့သည်။ ယခုအခါ မြန်မာ-ကိုရီးယား "A FlowerAbove The Clouds" ကားကို ဒါရိုက်တာ  စင်ရော်မောင်မောင်ရိုက်ကူးပြီး  မြန်မာ-ကိုရီးယားမင်းသား၊  မင်းသမီးများလည်း  ပါဝင်သရုပ်ဆောင်ထားကြောင်း  သိရှိရသည်။  Korea Day မှ  အစပြုကာ  မြန်မာညနေခင်းအထိ  ဂျင်ဆင်းမြေမှာ  ပန်းပိတောက်တွေ  ဝေခဲ့လေပြီ။    မကြာခင်  ကိုရီးယားမှ  ကမ္ဘာလှည့်ခရီးစဉ်များ၊  ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းရှင်များ ဝင်လာမစဲ တသဲသဲ ရှိလာတော့မည်ဆိုလျှင် စာရေးသူ တို့  မြန်မာ-ကိုရီးယားခရီးသွားလုပ်ငန်း  ဖွံ့ ဖြိုးတိုးတက်ရေး လုပ်ငန်းအဖွဲ့၏ ကြိုးပမ်းမှုမှတ်တိုင်တစ်ခုအတွက် စိတ်ပင်ပန်း၊  လူပင်ပန်းဖြစ်ရကျိုးနပ်ပေလိမ့်မည်ဟု  မှတ်တမ်းပြုရေးသား တင်ပြလိုက်ရပါသည်။

သတိုးလွင်(ပထဝီဝင်)