ဂျပန် လဆင်းယာဉ်နှင့် အဆက်အသွယ်ပြန်လည်ရရှိခဲ့ဟု အာကာသအေဂျင်စီ ပြောကြား

တိုကျို၊ ဇန်နဝါရီ ၂၉

ဂျပန်လဆင်းယာဉ်နှင့် အဆက်အသွယ်ပြန်လည် ရရှိခဲ့ပြီး ၎င်းမှပေးပို့သည့် လ၏မျက်နှာပြင်ပေါ်မှ ပုံရိပ်များကို လက်ခံရရှိခဲ့ကြောင်း ဂျပန်အာကာသ အေဂျင်စီက ယနေ့တွင် ပြောကြားသည်။

အစောပိုင်းကာလတွင် လဆင်းယာဉ်၏ စွမ်းအင်ထုတ်ပေးရေးဆိုင်ရာ ခလုတ်ကို တာဝန်ရှိသူများက မြေပြင် ထိန်းချုပ်ရေးစခန်းမှ ပိတ်ထားခဲ့ပြီး ၎င်းယာဉ်အတွက် ဆိုလာစနစ်မှ လျှပ်စစ်ဓာတ်အား ထုတ်လွှတ်ပေးရေး အတွက် ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည်။

လဆင်းယာဉ်တွင် တပ်ဆင်ထားသည့် အထူးကင်မရာဖြင့် လမျက်နှာပြင်မှ သိပ္ပံဆိုင်ရာ အချက်အလက်များကို ရယူနိုင်ခဲ့သည်ဟု တာဝန်ရှိသူများက မှတ်ချက်ပြုပြောကြားသည်။ လ၏မျက်နှာပြင်မှ ကျောက်တုံးများ၏ ပုံရိပ်များကို ပညာရှင်များက သိပ္ပံပညာဆိုင်ရာလေ့လာမှုများ ထပ်မံဆောင်ရွက်မည်ဖြစ်ပြီး ကျောက်တုံးများထဲမှ တစ်တုံးကို Toy Poodle ဟု အမည်ပေးခဲ့သည်။ လဆင်းယာဉ်သည် လ၏ မျက်နှာပြင်ပေါ်သို့ ဇန်နဝါရီ ၂၀ ရက်တွင် ဆင်းသက်နိုင်ခဲ့သောကြောင့် ဂျပန်နိုင်ငံသည် လပေါ်သို့ဆင်းသက်နိုင်သည့် ပဉ္စမမြောက်နိုင်ငံ ဖြစ်လာခဲ့သည်။

ဂျပန်လဆင်းယာဉ်သည် လ၏မျက်နှာပြင်ပေါ်သို့ တိကျစွာဆင်းသက်နိုင်ခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။ လဆင်းယာဉ်သည် လ၏မျက်နှာပြင်ပေါ် ရောက်ရှိသည့်အချိန်တွင် နေရောင်ခြည်မရရှိခဲ့သဖြင့် လျှပ်စစ်ဓာတ်အား မထုတ်လွှတ်ပေးနိုင်ခဲ့ကြောင်းနှင့် ယင်းကဲ့သို့ဖြစ်ရခြင်းမှာ လ၏မျက်နှာပြင်သို့ မဆင်းသက်မီအချိန်တွင် ၎င်းတွင်ရှိသည့် အင်ဂျင်နှစ်လုံးအနက် တစ်လုံးချို့ယွင်းခဲ့သောကြောင့်ဖြစ်သည်ဟု တာဝန်ရှိသူများက ထပ်လောင်းပြောကြားသည်။ အကယ်၍ လက်ရှိအချိန်တွင် လဆင်းယာဉ်မျက်နှာမူရာ အနောက်အရပ်မှ နေရောင်ခြည်ရရှိခဲ့ပါက လဆင်းယာဉ်အပြည့်အဝ ပြန်လည်အသက်ဝင်လာမည်ဟု သိရသည်။ ဂျပန်အာကာသအေဂျင်စီသည် လ၏ဖြစ်တည်မှုဆိုင်ရာ အချက်အလက်များကို သုတေသနပြုရေး ကြိုးပမ်းနေသည်။

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-စိုးသူရ