ဂျပန်အာကာသယာဉ်မှူး အာကာသ ဟင်းလင်းပြင်မှာ လမ်းလျှောက်ထွက်မယ်

၁၉ ဇန်နဝါရီ

 

ဂျပန်အာကာသယာဉ်မှူး နော်ရ်ရှီ ခနိုင်း (Norishige Kanai) ဟာ ဇန်နဝါရီ လကုန်ပိုင်းမှာ အာကာသယာဉ် ပြင်ပကို ထွက်ပြီး  အာကာသ ဟင်းလင်းပြင်မှာ လမ်းလျှောက်ထွက်ဖို့ ရှိနေပါတယ်။ ခနိုင်းဟာ နိုင်ငံတကာ အာကာသ စခန်းမှာ ခြောက်လကြာ နေထိုင်မှာ ဖြစ်ပါတယ်။


“ခနိုင်းနဲ့ အမေရိကန် နိုင်ငံသား မာ့ခ်ဗန်ဒီဟယ်တို့ဟာ ဇန်နဝါရီ ၂၉ မှာ အာကာသယာဉ် ပြင်ပကို ထွက်ပြီး လမ်းလျှောက်တာ လုပ်မယ်” လို့ အမေရိကန် အာကာသ အေဂျင်စီ (NASA) က ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။


ခနိုင်းရဲ့ အဆိုပါ အာကာသယာဉ် ပြင်ပခရီးဟာ အာကာသစခန်းရှိ ကနေဒါ နိုင်ငံထုတ် ၁၇ မီတာ အရှည်ရှိတဲ့ စက်ရုပ်လက်တံရဲ့ တချို့ အစိတ်အပိုင်းတွေကို အစားထိုး ပြုပြင်ဖို့ ဖြစ်ပြီး ခြောက်နာရီခွဲခန့် ကြာမြင့်မှာ ဖြစ်ကြောင်း သိရပါတယ်။


အဆိုပါ ခရီးစဉ်ဟာ နိုင်ငံတကာ အာကာသ စခန်းကို ဒီဇင်ဘာ ၁၉ ရက်က ရောက်ရှိလာခဲ့တဲ့ ခနိုင်းအတွက် ပထမဆုံးအကြိမ် အာကာသစခန်း ပြင်ပခရီးစဉ်လည်း ဖြစ်ပါတယ်။ အာကာသ စခန်းရဲ့ လုပ်ငန်းဆောင်တာတွေနဲ့ ပြုပြင်ထိန်းသိမ်းရေး လုပ်ဆောင်နေရင်း ခနိုင်းဟာ သိပ္ပံလက်တွေ့ လုပ်ဆောင်ချက်များစွာမှာ ဦးဆောင်ပါဝင်ခဲ့ဖူးပါတယ်။


ခနိုင်းဟာ အာကာသယာဉ်ပြင်ပထွက်တဲ့ လေးယောက်မြောက် ဂျပန်နိုင်ငံသား ဖြစ်လာမှာဖြစ်ပြီး ငါးနှစ်အတောအတွင်း ပထမဆုံးလည်း ဖြစ်ပါတယ်။ ၂၀၁၂ မှာ ဂျပန်အာကာသယာဉ်မှူး အခီဟီခိုဟိုရှီဒီ သည်လည်း အလားတူ အာကာသယာဉ်ပြင်ပခရီး ထွက်ခဲ့ဖူးပါတယ်။


ဘာသာပြန် > မိုးမမ

ကိုးကား > အန်အိတ်ချ်ကေ