ဂျပန်ကုမ္ပဏီ (၄၀၀) ကျော်က မြန်မာအလုပ်သမား (၁၃၀၀) ကျော် ခေါ်ယူမည်

ရန်ကုန် မေ ၁၆
ဂျပန်ကုမ္ပဏီ (၄၀၀) ကျော်က မြန်မာအလုပ်သမားဦးရေ (၁၃၀၀) ကျော် ခေါ်ယူမည်ဖြစ်ကြောင်း ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးကမေ ၁၅ ရက်တွင် ထုတ်ပြန်ထားသည်။
မြန်မာသံရုံး အနေဖြင့် Demand Letter များကို ဂျပန်ကုမ္ပဏီများထံမှ ပြန်ကြားစာ လက်ခံရရှိသည့် ရက်စွဲအလိုက် အစဉ်အတိုင်း စိစစ်ပေးလျက်ရှိရာ ၂၀၂၄ ခုနှစ်၊ ဧပြီ ၃ ရက်အထိ လက်ခံရရှိ၍ စိစစ်ပြီးစီးကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ပေးပို့ပြန်ကြားခဲ့သည့် အလုပ်ကမ်းလှမ်းစာ (၄၀၆) ခုနှင့် ပတ်သက်သည့် အချက်အလက်များအား အသိပေးထုတ်ပြန်ရာတွက် အထက်ပါအချက်များ ပါဝင်ခြင်းဖြစ်သည်။
အဆိုပါထုတ်ပြန်ချက်အရ ဂျပန်ကုမ္ပဏီ (၄၀၀) ကျော်က မြန်မာအလုပ်သမား အမျိုးသား (၄၅၀) ကျော်၊ အမျိုးသမီး (၈၉၀) ကျော်၊ စုစုပေါင်း ဦးရေ (၁၃၀၀) ကျော် ခေါ်ယူမည်ဖြစ်ကြောင်း သိရှိရသည်။
မြန်မာသံရုံး၊ တိုကျိုမြို့အနေဖြင့် အလုပ်သမားဝန်ကြီးဌာနက နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် ပေးပို့လာသည့် အလုပ်ကမ်းလှမ်းစာ ( Demand Letter ) များကို စိစစ်ဆောင်ရွက်ပေးလျက်ရှိသည်။ ထိုသို့ စိစစ်ဆောင်ရွက်ရာတွင် ဂျပန်နိုင်ငံရှိ အလုပ်သမားကြီးကြပ်ရေးကုမ္ပဏီနှင့် အလုပ်ခေါ်ယူသည့် စက်ရုံ/ ကုမ္ပဏီများသည် ဂျပန်နိုင်ငံတွင် တရားဝင်တည်ထောင်ထားခြင်း ရှိ / မရှိ စာရွက်စာတမ်း အထောက်အထားများစိစစ်ပြီး စိစစ်တွေ့ရှိချက်များ၊ သဘောထားမှတ်ချက်များကို နိုင်ငံခြားရေးဝန်ကြီးဌာန မှတစ်ဆင့် အလုပ်သမားဝန်ကြီးဌာနသို့ ပြန်လည်ပေးပို့လျက်ရှိကြောင်းလည်း သိရသည်။
ပြီးခဲ့သည့် ဧပြီလ၃၀ရက်ကလည်းမြန်မာသံရုံး၊ တိုကျိုမြို့အနေဖြင့် Demand Letter များကို ဂျပန်ကုမ္ပဏီများထံမှ ပြန်ကြားစာ လက်ခံရရှိသည့် ရက်စွဲအလိုက် အစဉ်အတိုင်း စိစစ်ပေးလျက်ရှိရာ ၂၀၂၄ ခုနှစ်၊ မတ် (၁၉) ရက်အထိ လက်ခံရရှိ၍ စိစစ်ပြီးစီးကြောင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ပေးပို့ပြန်ကြားခဲ့သည့် အလုပ်ကမ်းလှမ်းစာ (၄၀၈)ခုနှင့် ပတ်သက်သည့် အချက်အလက်များအား အသိပေးထုတ်ပြန်ချက်အရဂျပန်ကုမ္ပဏီ (၄၀၀) ကျော်က မြန်မာအလုပ်သမားဦးရေ (၁၁၀၀) ကျော် ခေါ်ယူမည်ဖြစ်ကြောင်း ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးက ထုတ်ပြန်ခဲ့သည်။
ထို့အတူပြီးခဲ့သည့် ဧပြီလ၁၂ရက်ကလည်း အလုပ်ကမ်းလှမ်းစာ (၄၀၃) ခုနှင့် ပတ်သက်သည့် အချက်အလက်များအား အသိပေး ထုတ်ပြန်ချက်အရ ဂျပန်ကုမ္ပဏီ (၄၀၀)ကျော်က မြန်မာအလုပ်သမား အမျိုးသား ( ၃၃၀) ကျော်၊ အမျိုးသမီး (၉၄၀ ) ကျော်၊ စုစုပေါင်း ဦးရေ (၁၂၀၀ ) ကျော် ခေါ်ယူမည်ဖြစ်ကြောင်း သိရသည်။
MT