ဇွန် ၂၅
ဂျပန်နိုင်ငံ အရှေ့မြောက်ပိုင်းတွင် ပြင်းအား ၇ ဒသမ ၂ ပမာဏရှိသော ငလျင်လှုပ်ခတ်မှုဖြစ်ပွားခဲ့ရာ လေးဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း ကျိုဒိုနယူးစ် သတင်းဌာနက ဖော်ပြခဲ့သည်။
အဆိုပါ ငလျင်ကို ကနဦးက ပြင်းအား ၆ ဒသမ ၉ ဟု ခန့်မှန်းခဲ့သော်လည်း နောက်ပိုင်းတွင် ပြင်းအား ၇ ဒသမ ၀ သို့ ပြန်လည်သတ်မှတ်ခဲ့သည်။ ထိုငလျင်သည် ဒေသစံတော်ချိန် မနက် ၇ နာရီ ၃၀ မိနစ်ခန့်တွင် ဂျပန်နိုင်ငံ၏ Iwate Prefecture အရှေ့ဘက်ကမ်းလွန်ပင်လယ်ပြင်၌ လှုပ်ခတ်ခဲ့ပြီး မြေအောက်အနက် ၄၀ ကီလိုမီတာခန့်တွင် ဗဟိုပြုခဲ့သည်။
ငလျင်သည် ဟော့ကိုင်းဒိုနှင့် အကီတာ၊ ဖူကူရှီမာ မီယာဂီနှင့် ယာမာဂါတာ စီရင်စုများအပြင် တိုကျိုနှင့် အနီးနားရှိ စီရင်စုများကိုလည်း သက်ရောက်မှုရှိသည်ဟု ဂျပန်မိုးလေဝသအေဂျင်စီ၏ ပြောကြားချက်အရ သိရသည်။
ဆူနာမီသတိပေးချက် ထုတ်ပြန်ထားခြင်း မရှိကြောင်းနှင့် ထိခိုက်မှုပြင်းထန်သောဒေသများရှိ လူများအား အလားတူ ပမာဏရှိသော ငလျင်များအတွက် သတိရှိကြရန် တိုက်တွန်းထားကြောင်း ဖော်ပြထားသည်။
ငလျင်ဗဟိုချက်သည် မြောက်လတ္တီတွဒ် ၄၀ ဒသမ ၂ ဒီဂရီနှင့် အရှေ့လောင်ဂျီတွဒ် ၁၄၂ ဒသမ ၃ ဒီဂရီတွင် တည်ရှိသည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


