တိုကျို ဧပြီ ၃

ဂျပန်နိုင်ငံ၌ ဉာဏ်ရည်တုနည်းပညာ(အေအိုင်) ပတ်ဝန်းကျင်တိုးတက်ရေးအတွက် ၂၀၂၉ ခုနှစ်အတွင်း အမေရိကန် ဒေါ်လာ ၁၀ ဘီလီယံ ရင်းနှီးမြှုပ်နှံရန် စီစဉ်ထားကြောင်း ကြေညာခဲ့သည်။

 

မိုက်ခရိုဆော့ဖ် ကုမ္ပဏီ၏ဥက္ကဋ္ဌဖြစ်သူ ဘရတ် စမစ်သည် ဂျပန်ဝန်ကြီးချုပ် တာကာအိချီဆာနာအဲနှင့် ဧပြီ ၃ ရက်က တိုကျိုမြို့၌တွေ့ဆုံကာ အဆိုပါအစီအစဉ်အား ပြောကြားခဲ့သည်။ ယင်းအစီအစဉ်နှင့်ပတ်သက်၍ အလွန်ကျေနပ်မိ ကြောင်း ဂျပန်ဝန်ကြီးချုပ်က ပြောသည်။

 

ထို့ပြင် ၎င်း၏အစိုးရအဖွဲ့သည် တာဝန်ယူမှုရှိသော တက်ကြွသည့် ဘဏ္ဍာရေးမူဝါဒကို ကျင့်သုံးနေသည်ဟု ၎င်းက ဆက်ပြောသည်။ ယင်းအစီအစဉ်သည် ဂျပန်နိုင်ငံ၏ တိုးတက်မှုအလားအလာကို မြှင့်တင်ပေးပြီး ဒေတာကိစ္စရပ်များကို ဖြေရှင်းပေးမည်ဖြစ်ကာ လူ့စွမ်းအားအရင်းအမြစ်ကိုလည်း မြှင့်တင်ပေးမည်ဖြစ်သည့်အတွက် ရင်းနှီးမြှုပ်နှံမည့် အစီအစဉ်ကို ကြိုဆိုကြောင်း ဂျပန်ဝန်ကြီးချုပ်က ပြောသည်။

 

အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံသည် အေအိုင်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည့် ဒေတာစင်တာများအတွက် လုံလောက်မှုရှိပြီး ပညာရှင်များကို မွေးထုတ်ရန်လည်း လုံလောက်မှုရှိသည်။ ဂျပန်နိုင်ငံ၌ အချက်အလက်များကို ထိန်းသိမ်းစဉ် တိုးတက်သည့်အေအိုင်နည်းပညာ ပတ်ဝန်းကျင်ကို စတင်ရန် နည်းပညာကုမ္ပဏီကြီးက စီစဉ်ထားသည်။

 

ဂျပန် တယ်လီကွန်းကုမ္ပဏီများဖြစ်သည့် SoftBank နှင့် ဒေတာစင်တာ အော်ပရေတာဖြစ်သည့် Sakura Internet တို့သည်လည်း ပူးတွဲပူးပေါင်း ပါဝင်သွားမည်ဖြစ်သည်။ 

 

မိုက်ခရိုဆော့ဖ်ကုမ္ပဏီသည် NTT Data Japan နှင့် အီလက်ထရောနစ်ကုမ္ပဏီ NEC တို့နှင့်ပူးပေါင်းကာ ဂျပန်နိုင်ငံ၌ အင်ဂျင်နီယာတစ်သန်းနှင့် အခြားလူ့စွမ်းအားအရင်းအမြစ်များကို ၂၀၃၀ ပြည့်နှစ်တွင် မွေးထုတ်သွားရန် ရည်ရွယ် ထားသည်။

အင်န်အိတ်ချ်ကေ