တိုကျို မေ ၃၀
ဂျပန်နိုင်ငံ၏ နောက်ဆုံး လူဦးရေသန်းခေါင်စာရင်းအချက်အလက်များအရ နိုင်ငံ၏လူဦးရေမှာ ၁၂၃ သန်းကျော်သာရှိပြီး ငါးနှစ်တာကာလအတွင်း အကြီးမားဆုံး လူဦးရေလျော့ကျမှုအဖြစ် မှတ်တမ်းတင်ခဲ့ကြောင်း သိရသည်။
ဂျပန် ပြည်ထဲရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက ၂၀၂၅ ခုနှစ် အမျိုးသားသန်းခေါင်စာရင်း၏ ပဏာမအချက်အလက်များကို ယမန်နေ့က ထုတ်ပြန်ခဲ့သည်။ ဂျပန်နိုင်ငံသည် ၁၉၂၀ ပြည့်နှစ်မှ စတင်၍ ငါးနှစ်တစ်ကြိမ် သန်းခေါင်စာရင်းကောက်ယူခဲ့သည်။
နောက်ဆုံးစစ်တမ်းအရ ပြီးခဲ့သည့်နှစ် အောက်တိုဘာ ၁ ရက်အထိ လူဦးရေမှာ ၁၂၃၀၄၉၅၂၄ ဦးရှိကြောင်း ဖော်ပြထားသည်။
ယင်းအရေအတွက်မှာ ၂၀၂၀ ပြည့်နှစ် သန်းခေါင်စာရင်းနှင့် နှိုင်းယှဉ်ပါက ၃၀၉၆၅၇၅ ဦး လျော့နည်း သွားခဲ့ပြီး ၂ ဒသမ ၅ ရာခိုင်နှုန်း ကျဆင်းခဲ့ခြင်းဖြစ်သည်။
လူဦးရေလျော့ကျမှုကို ၂၀၁၅ ခုနှစ်တွင် ပထမဆုံးအကြိမ် မှတ်တမ်းတင်ခဲ့ပြီးနောက် ယခုအကြိမ်သည် သုံးကြိမ်ဆက်တိုက် လျော့ကျမှုဖြစ်လာခဲ့သည်။
နိုင်ငံအတွင်းရှိ ပြည်နယ်နှင့် ဒေသ ၄၇ ခုအနက် နှစ်ခုတွင်သာ လူဦးရေတိုးလာခဲ့သည်။ တိုကျိုတွင် လူဦးရေ ၁၉၉၀၀၀ တိုးလာခဲ့ပြီး အိုကီနာဝါတွင် ၁၀၀၀ တိုးလာခဲ့သည်။ သို့သော် ဒေသနှစ်ခုစလုံးတွင် လူဦးရေတိုးနှုန်းမှာ နှေးကွေးခဲ့သည်။
ကျန်ရှိသည့် ဒေသ ၄၅ ခုတွင် လူဦးရေလျော့ကျမှုများ ဖြစ်ပေါ်ခဲ့သည်။ ဟော့ကိုင်းဒိုးတွင် လူဦးရေ ၂၃၉၀၀၀ ဖြင့် အများဆုံး လျော့ကျခဲ့သည်။ ထို့နောက် ရှင်ဇူအိုကာနှင့် ဟီယိုဂိုဒေသတို့တွင် လူဦးရေ ၁၆၄၀၀၀ နှင့် ၁၄၁၀၀၀ စီ အသီးသီး လျော့ကျခဲ့ကြသည်။
အမြင့်ဆုံးအရေအတွက်ဖြစ်
အိမ်ထောင်စုအရေအတွက်မှာ ၅၇၁၂၄၅၀၇ ခု ရှိလာခဲ့ပြီး ယခင်သန်းခေါင်စာရင်းနှင့် နှိုင်းယှဉ်ပါက ၁ ဒသမ ၂၉၄ သန်းခန့် တိုးလာခဲ့သည်။ အဆိုပါအရေအတွက်မှာ အချက်အလက်များ စတင်ကောက်ခံသည့် ၁၉၇၀ ပြည့်နှစ်နောက်ပိုင်း အမြင့်ဆုံးအရေအတွက် ဖြစ်သည်။
သို့သော် အိမ်ထောင်စုတစ်စုလျှင် လူဦးရေ ပျမ်းမျှမှာ ၂ ဒသမ ၂၆ ဦးမှ ၂ ဒသမ ၁၅ ဦးအထိ ကျဆင်းလာခဲ့သည်။ ပြည်ထဲရေးဝန်ကြီးဌာနက သက်ကြီးရွယ်အိုများ တစ်ဦးတည်းနေထိုင်သည့် အိမ်ထောင်စုများ ပိုမိုများပြားလာခြင်းကြောင့်ဖြစ်နိုင်ကြောင်း သုံးသပ်ပြောကြားခဲ့သည်။
နောက်ဆုံး အတည်ပြုစာရင်းများကို စက်တင်ဘာလတွင် ထုတ်ပြန်သွားရန် စီစဉ်ထားကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် - အောင်ကျော်ကျော်


