ဂျပန်နိုင်ငံက အိန္ဒိယနိုင်ငံ၏ စီးပွားရေးတိုးတက်မှုကဏ္ဍများ၌ အမေရိကန်ဒေါ်လာ ၄၂ ဘီလီယံ ရင်းနှီးမြှုပ်နှံမည်

နယူးဒေလီ မတ် ၂၁

 

ဂျပန်နိုင်ငံက အိန္ဒိယနိုင်ငံ၏ စွမ်းအင်ကဏ္ဍအပါအဝင် စီးပွားရေးတိုးတက်မှု ဆိုင်ရာကဏ္ဍများ၌ လာမည့်ငါးနှစ်တာ အတွင်း အမေရိကန်ဒေါ်လာ ၄၂ ဘီလီယံ ရင်းနှီးမြှုပ်နှံမည်ဖြစ်ကြောင်း ယနေ့ သတင်းများအရ သိရသည်။

 

ဆွေးနွေး ဂျပန်ဝန်ကြီးချုပ် ကီရှီဒါနှင့် အိန္ဒိယ ဝန်ကြီးချုပ် မိုဒီတို့သည် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့၌တွေ့ဆုံပြီး နှစ်နိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုများနှင့်ပတ်သက်ပြီး ယမန်နေ့က ဆွေးနွေးသည်။

 

၂၀၁၄ ခုနှစ်တွင် ဂျပန်နိုင်ငံက အိန္ဒိယနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကဏ္ဍများ၌ အမေရိကန်ဒေါ်လာ ၂၉ ဘီလီယံကို ရင်းနှီးမြှုပ်နှံခဲ့ကြောင်း နှစ်နိုင်ငံထိပ်သီး အစည်းအဝေးပြီးနောက် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ခေါင်းဆောင် နှစ်ဦးက အတည်ပြုပြောကြားသည်။

 

အိန္ဒိယနိုင်ငံ၏ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ တုံ့ပြန်ဖြေရှင်းဆောင်ရွက်မှုများနှင့် စွမ်းအင်လုံလောက်စွာရရှိမှုများ အပါအဝင် ရေရှည်စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုအတွက် ရည်ရွယ်သည့် အိန္ဒိယ-ဂျပန် သန့်ရှင်းသောစွမ်းအင် မိတ်ဖက် ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်တစ်ရပ် အကောင်အထည် ဖော်ဆောင်ရေးနှင့်ပတ်သက်ပြီး နှစ်နိုင်ငံ ခေါင်းဆောင်များက ထပ်လောင်းကြိုဆို ခဲ့ကြသည်။

 

ထို့ပြင် ရင်ဆိုင်ကြုံတွေ့နေရသည့် ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများအပေါ်ဝန်ကြီးချုပ်နှစ်ဦးက အမြင်ချင်း ဖလှယ်ခဲ့ကြသည်။

 

ဆိုက်ဘာလုံခြုံရေး၊ ရေရှည်တည်တံ့သော မြို့ပြဖွံ့ဖြိုးတိုးတက်မှုနှင့် ဂျပန်နည်းပညာသုံး ရေဆိုးစွန့်ပစ်မှုဆိုင်ရာ စီမံခန့်ခွဲမှု စသောကဏ္ဍများနှင့် ပတ်သက်သည့် နားလည်မှုဆိုင်ရာ စာချွန်လွှာသုံးရပ်ကို ခေါင်းဆောင်နှစ်ဦးက လက်မှတ်ရေးထိုးခဲ့ကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဟာရှရှာရီလာက ပြောကြားသည်။

 

ကိုးကား- ဆင်ဟွာ

ဘာသာပြန်- အောင်ကျော်ကျော်