နယူးဒေလီ ဇူလိုင် ၅
ဂျပန်နိုင်ငံက အိန္ဒိယနိုင်ငံ၌ အမေရိကန်ဒေါ်လာ ၁၂ ဘီလီယံခန့် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ဂျပန်ဝန်ကြီးချုပ် တာကိုင်ချီ ဆာနေးက ယမန်နေ့တွင် ကြေညာခဲ့သည်။
ဂျပန်ဝန်ကြီးချုပ် တာကိုင်ချီ ဆာနေးက အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီနှင့်အတူ နှစ်နိုင်ငံ ထိပ်သီးဆွေးနွေးပွဲများကို ယမန်နေ့တွင် အပြီးသတ်ကျင်းပခဲ့သည်။
အပြန်အလှန် ထောက်ပံ့ကူညီ
၎င်းတို့၏ ဆွေးနွေးပွဲအပြီးတွင် ဆာနေးက ဂျပန်နှင့် အိန္ဒိယနှစ်နိုင်ငံသည် ခိုင်မာပြီး ကြွယ်ဝချမ်းသာ လာစေရန် နှစ်နိုင်ငံအားသာချက်များကို အသုံးချသွားမည်ဖြစ်ကြောင်းနှင့် မတည်ငြိမ်သော နိုင်ငံတကာအခြေအနေကြောင့် ယခုကဲ့သို့သော အပြန်အလှန် ထောက်ပံ့ကူညီပေးသည့် ပူးပေါင်း ဆောင်ရွက်မှုကို တည်ဆောက်ရန် ပိုမိုအရေးကြီးကြောင်း ဝန်ကြီးချုပ် ဆာနေးက ပြောကြားခဲ့သည်။
လာမည့် ၁၀ နှစ်အတွင်း အိန္ဒိယနိုင်ငံ၌ ဂျပန်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုပမာဏကို ယန်း ၁၀ ထရီလီယံခန့်အထိ တိုးချဲ့သွားမည်ဖြစ်ပြီး လုပ်ငန်းလည်ပတ်နေသော ဂျပန်ကုမ္ပဏီအရေအတွက်ကို နှစ်ဆတိုးရန် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် မိုဒီက ပြောကြားခဲ့သည်။
နှစ်နိုင်ငံသည် တစ်ပိုင်းလျှပ်ကူးပစ္စည်းများနှင့် အရေးကြီးသော သတ္တုများကဲ့သို့သော ဦးစားပေးနယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်သွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် ဆာနေးက ပြောကြားခဲ့သည်။ နှစ်နိုင်ငံစလုံးမှ ကုမ္ပဏီများသည် ပူးပေါင်းဆောင်ရွက်မှု စာရွက်စာတမ်း ၁၃၀ ခန့်ကို ဖလှယ်ခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် - အောင်ကျော်ကျော်


