ဂျပန်နိုင်ငံက Pfizer ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို အသုံးပြုရန် ဖေဖော်ဝါရီ ၁၅ ရက်တွင် အတည်ပြုဖွယ်ရှိ

၅ ဖေဖော်ဝါရီ

 

 

ဂျပန်နိုင်ငံ ကျန်းမာရေး ဝန်ကြီးဌာနက Pfizer-BioNTech မှ ထုတ်လုပ်သည့် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး အသုံးပြုခြင်းကို ဖေဖော်ဝါရီ ၁၅ ရက်တွင် အတည်ပြုရန် စီစဉ်နေသည်။

 

 

အဆိုပါ ဝန်ကြီးဌာနသည် ယခုနှစ်တွင် ပြည်သူ ၇၂ သန်းအတွက် ကိုဗစ်ကာကွယ်ဆေးများ ထိုးနှံရန် Pfizer ဆေးဝါး ကုမ္ပဏီဖြင့် စာချုပ်ချုပ်ဆိုပြီး ဖြစ်သည်။

 

 

Pfizer ဆေးဝါးကုမ္ပဏီက ကိုဗစ်ကာကွယ်ဆေး လက်တွေ့စမ်းသပ်ချက်များကို ထိုဝန်ကြီးဌာနသို့ ပြီးခဲ့သည့် သီတင်းပတ်က အချက်အလက် တင်ပြခဲ့သည်။

 

 

ထိုကာကွယ်ဆေးကို အတည်ပြု သင့်၊ မသင့် အကြံဉာဏ် ရယူရန် ဖေဖော်ဝါရီ ၁၂ ရက်တွင် ကျွမ်းကျင်သူများအဖွဲ့ အစည်းအဝေး ပြုလုပ်ရန် ကျန်းမာရေး ဝန်ကြီးဌာနက စီစဉ်ထားသည်။

 

 

၎င်းကျွမ်းကျင်သူအဖွဲ့ မီးစိမ်းပြပါက ကျန်းမာရေးဝန်ကြီး တာမူရာ နိုရီဟီစာက ဖေဖော်ဝါရီ ၁၅ ရက်တွင် ထိုကာကွယ်ဆေး အသုံးပြုရန် တရားဝင် အတည်ပြုချက် ထုတ်ပြန်ဖွယ် ရှိသည်။

 

 

ထိုကာကွယ်ဆေး အသုံးပြုရန် အတည်ပြုပြီးပါက အသက် ၁၆ နှစ်နှင့်အထက် အရွယ်များကိုသာ ယင်းကာကွယ်ဆေး ထိုးနှံပေးမည်ဟု တာဝန်ရှိသူများက ဆိုသည်။

 

 

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို